အိန္ဒိယနိုင်ငံရဲ့ ၇ ပတ်ကြာ အထွေထွေရွေးကောက်ပွဲရဲ့ စတုတ္ထပိုင်းကို မေ ၁၃ ရက်မှာ ကျင်းပခဲ့ရာ ဘာသာရေးကွဲပြားမှုနဲ့ စီးပွားရေးမညီမျှမှု ပြဿနာက အဓိက မဲဆွယ်စရာ ကိစ္စတွေအဖြစ် လွှမ်းမိုးနေပါတယ်။
ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ ဧပြီ ၁၉ ရက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ သန်း ၁,၀၀၀ နီးပါး ရှိပါတယ်။
စတုတ္ထပိုင်းမှာ ပြည်နယ်နဲ့ နယ်မြေ ၁၀ ခုက အမတ်နေရာ ၉၆ နေရာအတွက် မဲပေးခွင့်ရှိသူ ၁၇၇ သန်းက ဆန္ဒမဲပေးနေကြတာပါ။ မဲရေတွက်မှုတွေကိုတော့ ဇွန် ၄ ရက်မှ စတင်မှာဖြစ်ပါတယ်။
ရှေ့က အပိုင်းသုံးပိုင်းမှာ မဲလာပေးသူ အရေအတွက် နည်းပါးခဲ့တာက ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု နည်းလာသလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
အပူချိန် စံချိန်တင်မြင့်တက်ခဲ့တာကလည်း မဲပေးမှုကို လျော့ကျစေတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။
လူထုစိတ်ဝင်စားမှုနည်းတယ်လို့ ယူဆရတာကြောင့် ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီဟာ မဲဆွယ်ပုံစံ ပြောင်းခဲ့ပါတယ်။
သူ့လက်ထက် စီးပွားရေးအားကောင်းတယ် ဆိုတာမျိုးလောက်နဲ့ မဲဆွယ်မနေတော့ဘဲ ထိလွယ်ရှလွယ် ဘာသာရေးကိစ္စတွေ အသုံးချပြီး လူအာရုံစိုက်အောင် လုပ်လာတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
Source/Photo-Reuters