Home
မြန်မာသတင်း
ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထား တိုးချဲ့ပြေးဆွဲ
DVB
·
May 13, 2024
Train_13052024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ရန်ကုန်-မော်လမြိုင်ကားလမ်း အသုံးပြုမရတော့ဘဲ ရထားစီးနင်းသူ ပိုများလာတဲ့အတွက် မေ ၁၃ ရက်ကစပြီး အထူးရထား တိုးချဲ့ပြေးဆွဲခဲ့တယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။

ကျုံအိတ်တံတား အချိုးခံရပြီးနောက် ရထားစီးနင်းသူ များပြားလာတာနဲ့ ခရီးသည်တွေရဲ့ တောင်းဆိုတာတွေကြောင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထားပြေးဆွဲခဲ့တာဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးက ဝန်ထမ်းတဦးက ပြောပါတယ်။

“လက်ရှိ ကားလမ်းအသုံးမပြုရတာကြောင့် မီးရထားကို ပိုသုံးလာတယ်။ လက်ရှိ ပြေးဆွဲနေတဲ့ ရထားတကြောင်းနဲ့ လုံလောက်မှုမရှိလို့ ခရီးသည်တွေကလည်း ထပ်တိုးပြေးဆွဲဖို့ တောင်းဆိုနေလို့ ပြေးဆွဲခဲ့တာပါ။ အဓိကကတော့ ခရီးသည်တွေ အဆင်ပြေဖို့ပါ။ ဘယ်အချိန်အထိ ပြေးဆွဲသွားမယ်ဆိုပြီး အကန့်အသတ်မရှိထားပါဘူး။”

ထပ်တိုးပြေးဆွဲခဲ့တဲ့ ရန်ကုန်-မော်လမြိုင် အထူးရထားဟာ ရန်ကုန်ဘူတာကြီးကနေ မနက် ၇ နာရီခွဲ ထွက်ခွာမှာဖြစ်သလို မော်လမြိုင်-ရန်ကုန်အထူးရထားဟာ မော်လမြိုင်ဘူတာကြီးကနေ မနက် ၉ နာရီ ၁၅ မိနစ်မှာ ထွက်ခွာမှာပါ။

ကားလမ်း အသုံးမပြုရတဲ့အချိန်မှာ အထူးရထားပြေးဆွဲတာဟာ ခရီးသွားတွေအတွက် အဆင်ပြေစေပေမဲ့ မှောင်ခိုလက်မှတ်ရောင်းတာတွေကို တားမြစ်သင့်တယ်လို့ ခရီးသွားတဦးက ပြောပါတယ်။

“လက်ရှိအခြေအနေက ရထားပဲ အားကိုးနေရတာဆိုတော့ ထပ်တိုးပြေးဆွဲတာတော့  ကောင်းပါတယ်။ ဒါပေမဲ့လည်း ရုံဖွင့်ပြီး မကြာဘူး။ လက်မှတ်သွားဝယ်ပေမဲ့ မရတော့ဘူး။ မှောင်ခိုရောင်းတဲ့သူတွေကတော့ ဘယ်အတန်းစီးမလဲဆိုပြီး ဘူတာထဲမှာ ဈေး ၂ ဆ ၃ ဆတင်ပြီး လက်မှတ်လိုက်ရောင်းနေတယ်။ ဒါက မဖြစ်သင့်ဘူး။”

ရန်ကုန်-မော်လမြိုင်-ရန်ကုန် အထူးရထားအတွက်လက်မှတ်တွေကို အထူးတန်းအတွက် ၃ ရက် ကြိုတင်ရောင်းချမှာ ဖြစ်ပါတယ်။

ရိုးရိုးတန်း ရထားလက်မှ‌တ်ကိုတော့ တရက် ကြိုတင်ကာ မော်လမြိုင်ဘူတာကြီးရှိ ရက်ကြို လက်မှတ်ရုံနဲ့ ရန်ကုန် ဝဇီရာရုပ်ရှင်ရုံရှေ့က ကြိုတင်လက်မှတ်ရုံတို့မှာ မနက် ၇ နာရီကနေ နေ့လယ် ၃ နာရီအထိ ရောင်းချသွားမယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013