Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် အိမ်ဆောက်အုတ်လုပ်သည့်လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာ
DVB
·
May 14, 2024
Bricks_14052024

ဧရာဝတီတိုင်းအတွင်းမှာ အိမ်ဆောက်အုတ်တွေ ဝယ်ယူအသုံးပြုသူ နည်းပါးလာတာကြောင့် အုတ်ထုတ်လုပ်တဲ့လုပ်ငန်း လုပ်ကိုင်သူတွေ ရှေ့ဆက်ရပ်တည်ဖို့ ခက်ခဲလာကြောင်း အုတ်လုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။

အိပ်ဆောက်လုပ်ငန်းတွေ လုပ်ကိုင်ရမှု ကျဆင်းလာတာ စစ်တပ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်လာပြီဖြစ်ပြီး လက်ရှိ ပြည်တွင်းနိုင်ငံရေး အကျပ်အတည်းနဲ့ စီးပွားရေး ကျဆင်းလာတဲ့ အခြေအနေတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်တန့်နေပါတယ်။

အုတ်ဝယ်ယူသူတွေမရှိသလောက် ဖြစ်နေတာကြောင့် အုတ်ထုတ်လုပ်တဲ့လုပ်ငန်းတွေ ရှေ့ဆက်ရပ်တည်ဖို့ အခက်အခဲကြုံနေရတယ်လို့  မော်လမြိုင်ကျွန်းမြို့နယ်က အိမ်ဆောက်အုတ်လုပ်ငန်း လုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။

“အိမ်ဆောက်အုတ်လုပ်တဲ့ လုပ်ငန်းကတော့ လုပ်သာ လုပ်နေရတာ အခြေနေကတော့ လုံးဝမကောင်းဘူး။ ဒီအုတ်လုပ်ငန်းက အကျဘက်ကို တော်တော်ရောက်လာတယ်။ အခုဆိုရင် ၃ နှစ်ကျော်လောက်ရှိပြီလို့ ပြောရမယ်။ အုတ်တွေကို အသုံးပြုမှု နည်းလာတယ်။ အသုံးပြုတာ နည်းလာတဲ့ အဓိကအကြောင်းအရင်းက ငွေကြေးရှားပါးလာတာကြောင့်ပါ။ နိုင်ငံရေးအခြေအနေတွေကလည်း မကောင်းဘူး။ စီးပွားရေးတွေက ကျဆင်းနေတာ၊ အသစ်ဆောက်တဲ့သူက မရှိသလောက် နည်းပါးနေတာ။ ဒါ့အပြင် တင်းကျပ်ထားတဲ့ လုံခြုံရေး အခြေအနေတွေကြောင့်လည်း သယ်ရ ယူရတာတွေက အဆင်မပြေတော့ လုပ်ငန်းလည်း ပိုပိုပြီး အကျဘက်ရောက်လာတာပေါ့။”

ဧရာဝတီတိုင်းမှာ အိမ်ဆောက်အုတ်လုပ်ငန်းတွေကို ပန်းတနော်၊ မအူပင်၊ ပုသိမ်၊ ငါးသိုင်းချောင်း၊ ဘိုကလေး၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း စတဲ့မြို့နယ်တွေမှာ အများဆုံး လုပ်ကိုင်ကြတာဖြစ်ပါတယ်။

အိမ်ဆောက်လုပ်ငန်းတွေ လက်ရှိ တနှစ်နဲ့တနှစ် အုတ်လုပ်ငန်းလုပ်ကိုင်ရမှု နည်းပါးလာကြောင်း ပုသိမ်မြို့နယ်က အုပ်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အခုက ဒေသတွင်းမှာပဲ နည်းနည်းပါးပါးလောက်ပဲ လာဝယ်တာတွေ ရှိတော့တယ်။ သူတို့လည်း အမြဲလာမဝယ်ပါဘူး။ အရင်လို ဖောက်သည်တွေလည်း မရှိတော့ဘူး။ လုံးဝမရောင်းရတဲ့ရက်တွေလည်း ရှိတယ်။ အရောင်းအဝယ်တွေက ကျဆင်းနေတဲ့အခါကျတော့ ဒီလုပ်ငန်းကို အစဉ်တစိုက် လုပ်နေပေမဲ့လည်း အခု အရင်လို စိတ်ဝင်တစား မရှိကြတော့ဘူး။ ခုဆို အိမ်ဆောက်အုတ်ရိုက်တဲ့ လုပ်သားတွေလည်း သိပ်မရှိတော့ဘူး။ အရင်ကထက် နည်းသွားပြီ။ နောက်ဆို ဒီလုပ်ငန်းက လုံးဝတောင် ရပ်သွားရမလား မသိဘူး။”

အိမ်ဆောက်အုတ်လုပ်ငန်းဟာ ဧရာဝတီတိုင်းမှာ ဒေသထွက်ကုန် စီးပွားရေး လုပ်ငန်းတွေထဲ တခုအပါအဝင်ဖြစ်ပြီး အရင်က ရန်ကုန်၊ နေပြည်တော်စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက အများဆုံးယူကြပြီး လက်ရှိမှာ အဲဒီပြည်နယ်နဲ့ တိုင်းတွေကပါ မှာယူခြင်းမရှိတော့ကြောင်း သိရပါတယ်။

Photo - တော်ဝင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024