ဗြိတိန်နိုင်ငံထဲမှာ ဟောင်ကောင် နိုင်ငံခြားထောက်လှမ်းရေးဌာနကို ကူညီနေတယ်လို့ တရားစွဲခံထားရတဲ့ အမျိုးသား ၃ ဦး ဗြိတိန်မြို့တော် လန်ဒန်က တရားရုံးကို မေ ၁၃ ရက်က ရုံးထုတ်လာပါတယ်။
အင်္ဂလန်တဝန်း တရစပ်ဖမ်းဆီးမှုတွေအပြီး အခုလို တရားစွဲခဲ့တာပါ။ အသက် ၆၃ နှစ်အရွယ် ချွန်းဘင်းယွမ်၊ အသက် ၃၈ နှစ်အရွယ် ပီတာဝေလို့ သိကြတဲ့ ချီလျောင်ဝေနဲ့ အသက် ၃၇ နှစ်အရွယ် မက်သယူး ထရစ်ကတ်တို့ကို ဗြိတိန် အမျိုးသားလုံခြုံရေး အက်ဥပဒေအောက်မှာ အမှု ၂ ခုစီနဲ့ တရားစွဲထားတာပါ။
ဒီအက်ဥပဒေကိုတော့ မနှစ်ကမှ အတည်ပြုထားပြီး နိုင်ငံခြားတိုင်းပြည်တွေရဲ့ ခြိမ်းခြောက်မှုတွေကို ပစ်မှတ်ထားတဲ့ အရေးယူဆောင်ရွက်ချက်အသစ်ကို မိတ်ဆက်တာလည်း ဖြစ်ပါတယ်။
သူတို့ ၃ ဦးဟာ ဗြိတိန်နိုင်ငံထဲမှာ သွေးဆောင်ဖြားယောင်းတဲ့ လုပ်ရပ်တွေ၊ စောင့်ကြည့်တာတွေ၊ သတင်းအချက်အလက် စုဆောင်းတာတွေလုပ်ဖို့ သဘောတူညီချက်နဲ့ ဒီဇင်ဘာကနေ မေလကြားမှာ နိုင်ငံခြား ထောက်လှမ်းရေးဌာနကို ကူညီခဲ့တယ်လို့ စွပ်စွဲခံထားရတာကို တရားရုံးစွဲချက်တွေက ပြထားပါတယ်။
မေ ၁ ရက်က ဗြိတိန်က လူနေအိမ်လိပ်စာတခုထဲဝင်ဖို့ အတင်းကြိုးစားရင်း ဝင်ရောက်စွက်ဖက်မှုကို ကျူးလွန်ခဲ့တယ်လို့လည်း ဒုတိယစွဲချက်က စွပ်စွဲထားပါတယ်။
မေ ၂၄ ရက်မှာ လန်ဒန်က အိုးလ်ဒ်ဘိုင်လေ တရားရုံးမှာ တရားရင်ဆိုင်ဖို့ သူတို့ကို ချိန်းဆိုထားပြီး သူတို့ ၃ ဦးလုံး အာမခံရထားကြပါတယ်။
လန်ဒန်မှာရှိတဲ့ တရုတ်သံရုံးကတော့ ဗြိတိန်ဟာ စွဲချက်တွေကို လုပ်ကြံဖန်တီးထားတယ်လို့ စွပ်စွဲရင်း ဟောင်ကောင်ရေးရာကို ဝင်ရောက်စွက်ဖက်ဖို့ ဗြိတိန်မှာ အခွင့်အရေးမရှိဘူးလို့ ပြောခဲ့ပါတယ်။
Source/Photo-Reuters