Chat GPT ဖန်တီးတဲ့ Open AI က GPT-4o လို့ခေါ်တဲ့ တကယ့် လူလူချင်း စကားပြောနေသလို ဆွေးနွေးတုံ့ပြန်နိုင်စွမ်းရှိတဲ့ AI မော်ဒယ်သစ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။
အခု အသံနဲ့ ပြောဆိုနိုင်စွမ်းရှိတာကြောင့် နှောင့်နှေးမှုမရှိဘဲ အချိန်နဲ့တပြေးညီ တုံ့ပြန်မှုမျိုး ရရှိနိုင်သလို တကယ် လူလူချင်း စကားပြောသလိုပဲ ChatGPT က ပြောနေတဲ့အချိန် စကားဖြတ်ပြောတာမျိုးလည်း လုပ်လို့ရပါတယ်။
ဘယ်လောက်ထိ တုံ့ပြန်မှုကောင်းသလဲ ဆိုတာကို Open AI သုတေသနပညာရှင်တွေက တိုက်ရိုက်ထုတ်လွှင့်ပြီး ပြသခဲ့ပါတယ်။
အကြံပြုနိုင်တာ၊ အရွှန်းဖောက် နောက်ပြောင်တာ၊ အသံအပေါ် နားထောင်ပြီး တုံ့ပြန်မှုပေးတာတွေကိုပါ ပြသခဲ့ပါတယ်။
OpenAI CEO အော့တ်မန်းကတော့ ကွန်ပျူတာနဲ့ စကားပြောရတာ ခုလောက် သဘာဝအတိုင်း ရှိတာမျိုး တခါမှ မကြုံဖူးဘူးလို့ ဆိုပါတယ်။
မိုက်ခရိုဆော့ဖ်က နောက်ခံပေးထားတဲ့ OpenAI ဟာ ယှဉ်ပြိုင်မှုတွေနဲ့ ရင်ဆိုင်နေရပေမဲ့ လူသားလိုမျိုး ရေးသားတင်ဆက်ပေးနိုင်တာ၊ ထိပ်တန်းဆော့ဖ်ဝဲကုတ်တွေ ထုတ်လုပ်ပေးနိုင်တာကြောင့် လူကြိုက်များပါတယ်။
သရုပ်ပြမှုတခုမှာဆိုရင် စာရွက်ပေါ်က သင်္ချာပုစ္ဆာကို ChatGPT ရဲ့ ဖတ်ရှုမြင်နိုင်စွမ်းနဲ့ စကားပြောနိုင်စွမ်းသုံးပြီး လူကို ပြန်ရှင်းပြသွားတာကို သရုပ်ပြခဲ့ပါတယ်။
နောက်နမူနာတခုမှာတော့ GPT-4o ရဲ့ တိုက်ရိုက်ဘာသာပြန်စွမ်းရည်ကို ပြသွားပါတယ်။ အရမ်းအသုံးဝင်တာ၊ တော်လိုက်တာပဲလို့ သရုပ်ပြသူတဦးက ချီးကျူးတော့ “ရှက်အောင်လုပ်နေပြန်ပြီ” လို့ ChatGPT က တုံ့ပြန်သွားပါတယ်။
၂၀၂၂ နှောင်းပိုင်းမှာ စတင်ဖြန့်ချိခဲ့တဲ့ ChatGPT ဟာ အမြန်ဆုံး လစဉ်သုံးစွဲသူ သန်း ၁၀၀ ပြည့်တဲ့ အက်ပလီကေးရှင်း ဖြစ်လာပါတယ်။
Source/Photo-Reuters