Home
နိုင်ငံတကာ
အစ္စရေး ဆက်လက်တည်ရှိရေး စစ်ပွဲမပြီးသေးဟု နေတန်ယာဟု ပြော
DVB
·
May 14, 2024
Naytanyahu_14052024

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂျေရုဆလင်မြို့တော်က မောင့်ထ် ဟက်ဇယ်သင်္ချိုင်းမှာ မေ ၁၃ ရက်က ကျင်းပတဲ့ အမှတ်တရနေ့ အခမ်းအနားကို တက်ရောက်လာပြီး စစ်ပွဲနဲ့ ပဋိပက္ခတွေ အတွင်းမှာ ကျဆုံးခဲ့တဲ့ စစ်သည်တွေနဲ့ အရပ်သားတွေကို ဂုဏ်ပြုခဲ့ပါတယ်။

ဝမ်းနည်းနေတဲ့မိသားစုတွေ တက်တဲ့သင်္ချိုင်းတွေမှာ ကျင်းပတဲ့ အမှတ်တရ အခမ်းအနား တွေကြောင့် အမှတ်တရ အချက်ပေး ဥဩသံတွေ အစ္စရေးနိုင်ငံတဝန်း ပဲ့တင်ထပ်နေပြီး ဖြစ်ပွားနေဆဲ ဂါဇာက တန်ပြန် ထိုးစစ်တွေလဲ ဆိုင်းငံ့ သွားပါတယ်။

ဟားမတ်စ်တွေအပေါ် တိုက်နေတဲ့စစ်ပွဲဟာ အစ္စရေး ဆက်လက်တည်ရှိရေး လွတ်လပ်ရေး လုံခြုံရေးနဲ့ ကြွယ်ဝရေးအတွက် သေချာစေဖို့ ရုန်းကန်မှု တရပ်လို့ နေတန်ယာဟုက ပြောပါတယ်။

ပါလက်စတိုင်း သေနတ်သမားတွေက အောက်တိုဘာ ၇ ရက်မှာ နယ်စပ်ဖြတ်ကျော် သတ်ဖြတ် ပြန်ပေးဆွဲမှုအပြီး အစ္စရေးကို အဆိုးဆုံး ဂါဇာစစ်ပွဲဆီ ဆွဲခေါ်သွားသလိုဖြစ်ခဲ့ပြီး ဆယ်စုနှစ်အတွင်း လူတွေ မကြုံစဖူး ပမာဏနဲ့ သေဆုံးဒဏ်ရာ ရခဲ့ကြပါတယ်။

ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ အစ္စရေး ဓားစာခံတယောက် ပြီးခဲ့တဲ့ရက်ပိုင်းက ထပ်မံသေဆုံးသွားခဲ့ပြီး ဓားစာခံတွေကို ကယ်ဖို့ စစ်ပွဲရပ်ရမယ်လို့ မိသားစုတွေက အစ္စရေး အစိုးရကို တောင်းဆိုပါတယ်။

ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ ဓားစာခံတွေရဲ့ ဆွေမျိုးတွေက အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အကြီးအကျယ် ဝေဖန်ပြစ်တင်နေကြတာဖြစ်ပြီး  လက်ရှိ အစ္စရေးတပ်တွေ ဆင်နွှဲနေတဲ့ ရာဖာမြို့ကို ကျူးကျော်စစ်ဟာ ဓားစာခံတွေရဲ့ အသက်ကို ပိုအန္တရာယ် ဖြစ်စေတယ်လို့လည်း သူတို့က ပြောပါတယ်။

ဓားစာခံတွေကို ကယ်ဖို့ နေတန်ယာဟုက အစိုးရအဖွဲ့ကနေ နုတ်ထွက်သင့်ပြီး စစ်ပွဲ အဆုံးသတ်ရမယ်လို့ နာမာ ဝိုင်းဘာ့ဂ်က ပြောပါတယ်။

ဟားမတ်စ်တွေက သူ့ဦးလေးနဲ့ အဒေါ်ကို သတ်ခဲ့ပြီး သူ့မောင်နှမ ဝမ်းကွဲကို အောက်တိုဘာ ၇ ရက်က ပြန်ပေးဆွဲ သွားခဲ့တာပါ။

အစ္စရေးတောင်ပိုင်းကနေ ဖမ်းခေါ်ခဲ့တဲ့ ဓားစာခံ နာဒဗ်ပေါ့ပယ်ဝယ်လ်ဟာ ဂါဇာမှာ အစ္စရေးတွေရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီလို့ ဟားမတ်စ်ကတွေက အစောပိုင်းမှာ ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ပြောခဲ့ပါတယ်။

သူဟာ ဂါဇာက ဆေးရုံတွေကို ရန်သူတွေက ဖျက်ဆီးမှုကြောင့် ဆေးကုမခံရလို့ သေရတာလို့ ဟားမက်စ် လက်နက်ကိုင်တပ်ဖွဲ့ ပြောခွင့်ရ အဘူ အူဘိုင်ဒါ က ကြေညာချက် ထုတ်ပြန်ပါတယ်။

အစ္စရေးကတော့ ပါလက်စတိုင်းတွေ ဂါဇာတောင်ပိုင်းက ရာဖာမြို့ကနေ အယ်လ်မာဝါစီမြို့က လူသားချင်းစာနာမှုဆိုင်ရာ ဧရိယာတွေဆီ ဘေးကင်းကင်း ရွှေ့ပြောင်းကြဖို့ စနေနေ့မှာ ဆော်ဩခဲ့ ပါတယ်။ ဒါဟာ ရာဖာကို မြေပြင်ထိုးစစ်အတွက် အစ္စရေးရဲ့ အစီအစဉ်တွေကို ထင်ဟပ်နေတယ်လို့ မီဒီယာတွေက သုံးသပ် ပါတယ်။ 

အောက်တိုဘာ ၇ ရက်က ပြန်ပေးဆွဲခံ ၂၅၂ ယောက်ထဲမှာ ၁၂၈ ယောက် ဂါဇာမှာ ကျန်နေ သေးတယ်လို့ အစ္စရေးက တွက်ချက်ထားပါတယ်။ သူတို့ထဲက ၃၆ ယောက်ထက် မနည်း သေဆုံးခဲ့ပြီးပြီလို့ အစ္စရေး မှုခင်းဆေးပညာ ကော်မတီက ကြေညာထားပါတယ်။

လွန်ခဲ့တဲ့ ၈၆ နှစ်က အစ္စရေးနိုင်ငံကို စတင်တည်ထောင်ချိန်က စပြီး စစ်သည် ၂၅၀၀၀ ကျော် သေဆုံးခဲ့ရပြီး ၅ ရာခိုင်နှုန်းက  ကျန်ခဲ့တဲ့ ၇ လအတွင်း သေဆုံးခဲ့တာလို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းအချက် အလက်တွေကဆိုပါတယ်။

သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား အယောက် ၄၀၀၀ ကျော် သေဆုံးခဲ့ပြီး ၂၀ ရာခိုင်နှုန်းက  အောက်တိုဘာ ၇ ရက်ကစပြီး ဖြစ်ခဲ့တာပါ။ ဂါဇာမှာတော့ သေဆုံးသူဦးရေ ၃၅၀၀၀  ကျော်ပြီလို့ ဒေသခံ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

 အစ္စရေးဟာ ရာဖာမြို့ပေါ်မှာ စစ်ရေးဖိအား ပိုပေးနေပြီး ဂါဇာမြောက်ပိုင်းကို ပါလက်စတိုင်းတွေ ရွှေ့ကြဖို့ တွန်းအားပေးနေပါတယ်။

အစ္စရေး မြောက်ပိုင်းကလက်ဘနွန်နဲ့ နယ်စပ်မြို့ နာဟာရီယာမြို့ထဲမှာ လက်ဘနွန်နိုင်ငံဘက်ကနေ ဝင်လာတဲ့ တိုက်ခိုက်မှု ဖြစ်နိုင်ခြေကြောင့် အချက်ပေးဥဩသံတွေကြားရအပြီး မကြာခင် မေလ ၁၂ ရက်က ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။

အနားက ကမ်းခြေ၊ ပတ်ဝန်းကျင်က လမ်းတွေ တောင်ကုန်းတွေနဲ့ သစ်ပင်တွေ ခြံစည်းရိုးတွေ စတဲ့ အခင်းအကျင်းကြောင့် ရုပ်သံထဲက ပေါက်ကွဲတဲ့ နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာတပ်တွေကြား တိုက်ပွဲတွေဟာ ၇ လကြာ နေပြီဖြစ်တဲ့ ဂါဇာစစ်ပွဲနဲ့ အပြိုင် ဖြစ်နေတာပါ။ ဒါဟာ အစ္စရေးနဲ့ လက်ဘနွန်ကြား ၂၀၀၆ နောက်ပိုင်း အပြင်းထန်ဆုံးထိပ်တိုက်စစ်ပွဲလည်း ဖြစ်ပါတယ်။

အရင်အပတ်က နှစ်ဖက်စလုံးက ဗုံးကြဲခဲ့ကြလို့ လက်နက်အကြီးအကျယ် တပ်ဆင်ထားတဲ့ ရန်ဘက် နှဏ်နိုင်ငံကြား ပိုကြီးတဲ့ စစ်ပွဲ ဖြစ်လာမှာကို စိုးရိမ် ခဲ့ကြပါတယ်။

အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို ဗုံးကြဲလို့ ဟဇ်ဘိုလာစစ်သွေးကြွ အယောက် ၂၇၀ကျော်၊ ပါလက်စတိုင်း စစ်သွေးကြွ အယောက် ၃၀ ကျော်နဲ့ ကလေးတွေ ဆေးဘက်ဝန်ထမ်းတွေနဲ့ သတင်းထောက်တွေ အပါအဝင် အရပ်သား အယောက် ၇၀ကျော်သေဆုံးခဲ့ပါတယ်။

ဟဇ်ဘိုလာနဲ့ တခြားအုပ်စုတွေဘက်က ဒုံးကျည်တွေကြောင့် အစ္စရေး စစ်သား တဒါဇင်ကျော်နဲ့ အရပ်သား ဒါဇင်ဝက် လောက် သေဆုံးခဲ့ပါတယ်။

အစ္စရေးက ဂါဇာကို ထိုးစစ်ဆင်နေတာ ရပ်ရင်သူတို့လည်း အပစ်ရပ်မယ်လို့ ဟဇ်ဘိုလာတွေက ထပ်ခါတလဲ ပြောနေပေမဲ့ အစ္စရေးက လက်ဘနွန်ကို ဆက်တိုက်နေရင် သူတို့လည်း ပြန်တိုက်ဖို့အဆင်သင့်ပဲလို့ ဟဇ်ဘိုလာတွေက ပြောပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013