တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ဘိုင်ဇန်တိုင်း အင်ပါယာခေတ်က ရှေးဟောင်းသမိုင်းဝင် ခရစ်ယာန်ဘုရားကျောင်းကို အနှစ် ၇၀ ကြာ ပြတိုက်အဖြစ် ထားရှိရာကနေ ဗလီအဖြစ် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။
မူလက ချိုရာ လို့ခေါ်တဲ့ ချာ့ချ်ကျောင်းကို လေးရာစုလောက်က တည်ဆောက်ခဲ့တာဖြစ်ပြီး အော်တိုမန်အင်ပါယာခေတ် ၁၆ ရာစုမှာ ကာရီယေးဗလီအဖြစ် ပြောင်းလဲခံခဲ့ရပါတယ်။
၁၉၄၅ မှာတော့ ပြတိုက်အဖြစ် ပြောင်းလဲပြီး ရှေးမူမပျက် ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတ တာယစ်အာဒိုဂန် လက်ထက်မှာ အလားတူ ဒုတိယမြောက် ဆောက်ရွက်ချက် ဖြစ်ပါတယ်။
အာဒိုဂန်ဟာ တူရကီမှာ ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်စလင်တွေရဲ့ ထောက်ခံမှု အဓိကရထားပြီး အစ္စလာမ္မစ်ဇစ်မြစ်ကလာတဲ့ ပါတီတခုရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။
၂၀၂၀ တုန်းက ကမ္ဘာကျော် ဟာဂီယာဆိုဖီယာ ပြတိုက်ကိုလည်း ဗလီအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။
အခုဗလီရဲ့ ပြင်ပခန်းမဆောင်တွေကိုတော့ ပြတိုက်အဖြစ် ဆက်လက်ထိန်းသိမ်းထားမှာ ဖြစ်ပြီး မျက်နှာကျက် မှန်စီရွှေချ လက်ရာတွေကို ဘာမှမကာကွယ်ဘဲ ဒီတိုင်းထားရှိပေးမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အတွင်းပိုင်း ဝတ်ပြုတဲ့ နေရာတွေမှာတော့ မှန်စီရွှေချလက်ရာတွေကို လိုက်ကာတွေနဲ့ ကာထားပါတယ်။
လိုက်ကာတွေနဲ့ကာထားတဲ့ ယေရုခရစ်တော်နဲ့ မယ်တော်မာရီပုံ မှန်စီရွှေချလက်ရာတွေကို လူတချို့က လှန်လှောကြည့်နေကြပုံလည်း ရိုက်တာဗီဒီယိုဖိုင်မှာ တွေ့ရပါတယ်။
Source/Photo-Reuters