အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၁၅၁ ဦးအထိ မြင့်တက်လာခဲ့ကြောင်း တာလီဘန်ပြည်ထဲရေးဝန်ကြီးဌာနက မေ ၁၁ ရက် စနေနေ့မှာ ပြောပါတယ်။
မေလ ၁၀ ရက် သောကြာနေ့မှာ အစပြုတဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘာ့ဂ်လန်ပြည်နယ်မှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၃၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ်မာတီးန်ခါနီးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲလောက် သောကြာနေ့ ဘုရားဝတ်ပြုပြီးချိန်လောက်မှာ ရုတ်တရတ် ရေကြီးလာတာ ဖြစ်ကြောင်း ရေဘေးသင့်အမျိုးသား ဂူလ်အဂ်ဟာက ပြောပါတယ်။
ရေကြီးမှုကြောင့် ငွေကြေးနဲ့ လူ့အသက်တွေ အများကြီး ဆုံးရှုံခဲ့ရကြောင်းလည်း သူက ဆိုပါတယ်။
မိုးက သဲသဲမဲမဲ ရွာချပြီး နာရီဝက်အကြာမှာ ရေကြီးလာတာဖြစ်ပြီး မျက်စေ့ရှေ့တင် ကလေး ၆ ဦး၊ အမျိုးသမီး တဦးနဲ့ ကားတစီး အပြင် တခြားအိမ်သုံးပစ္စည်းတွေလည်း ရေထဲပါသွားတယ်လို့ တခြား ရေဘေးဒဏ်သင့်သူ ခူဒိုင်နူရ်က ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနဟာ သောကြာညပိုင်းမှာလည်း ပြင်းထန်တဲ့ မုန်တိုင်းတွေ တိုက်ခတ်မယ် လို့ ခန့်မှန်းခဲ့ပြီး အဲဒီဒေသကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရဟတ်ယာဉ်တွေကို စေလွှတ်ခဲ့ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခါနီးကပြောပါတယ်။
Source/Photo - REUTERS/Sayed Hassib