ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(အေအေ)တို့အကြား အခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲပြင်းထန်နေကြပြီး တိုက်ပွဲဧရိယာဟာလည်း တဖြည်းဖြည်းနဲ့ မြို့နဲ့ နီးကပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့နယ်အတွင်းက ရွှေလှေ၊ လင်းသီ၊ နတ်တောင်မော် စတဲ့နေရာ ၃ ခုထက်မနည်း တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး မြို့နဲ့တဖြည်းဖြည်း နီးကပ်လာတဲ့ အခြေအနေမှာရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“တိုက်ပွဲက ဒီရက်ပိုင်းမှာ တော်တော်လေးကို ပြင်းထန်နေကြတာ။ စစ်ကောင်စီကတော့ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ခုခံနေတယ်။ လက်နက်ကြီးတွေနဲ့လည်း တရစပ်ပစ်ကူပေးနေတာတွေရှိတယ်။ တိုက်ပွဲဧရိယာက တဖြည်းဖြည်း ကျယ်ပြန့်လာပြီးတော့ လက်ရှိတိုက်ပွဲဖြစ်နေကြတဲ့ နတ်တောင်မော်တို့ ဆိုရင် မြို့နဲ့ ၁၀ မိုင်သာသာလောက်ပဲ ရှိတော့တယ်” လို့ပြောပါတယ်။
သံတွဲမြို့နယ်အတွင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေကြောင်း ရေကောက်၊ ပုရစ်၊ ရွှေလှေ၊ လင်းသီကျေးရွာအပါအဝင် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးက ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံ ၁ သောင်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
သံတွဲမြို့နယ်အတွင်းကို ဆေးဝါးတင်သွင်းခွင့်နဲ့ စားသောက်ကုန်စည် တင်သွင်းခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားတဲ့အတွက် ဆေးဝါးနဲ့ စားသောက်ကုန်စည်းတွေ ပြတ်လပ်လာတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “တိုက်ပွဲစဖြစ်ကတည်း သံတွဲမြို့နယ်ကို ဆေးဝါးနဲ့ စားသောက်ကုန်တွေကို တင်သွင်းခွင့် ပိတ်ထားတာဖြစ်တယ်။ ဆေးတွေကိုဆိုရင် လေဆိပ်မှာကတည်းက စစ်ကောင်စီက သိမ်းထားလိုက်ကြတယ်။ အခု သံတွဲမြို့ထက်မှာ ဆေးတော်တော်များများက ဝယ်မရတော့ဘူး။ စားသောက်ကုန်တွေလည်း ဒီအတိုင်းပဲ။ အရင်လိုဝယ်လို့မရတော့ဘူး။ စျေးတွေကလည်း တအားကို ထိုးတက်နေတာ” လို့ပြောပါတယ်။
သံတွဲမြို့နယ်အတွင်းမှာ ဧပြီ ၁၃ ရက်နေ့က စတင်ပြီး နာရီပိုင်းလောက် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ဧပြီ ၂၆ ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားလာတာဖြစ်ပါတယ်။
သံတွဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ဧရာဝတီတိုင်းက စစ်ကူတချို့ကို သံတွဲဘက်ကို ပို့ဆောင်ထားတာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
တိုက်ပွဲတွေကြောင် သံတွဲနဲ့တောင်ကုတ်လမ်း သွားလာရခက်ခဲနေသလို သံတွဲမြို့အထွက် ၄ မိုင်လောက်အကွာက ကားလမ်းကို စစ်တပ်က မြောင်းတူးပြီးဖြတ်တောက်လိုက်ပြီလို့လည်း ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာတော့ တိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့အပါအဝင်၊ သံတွဲ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။
တိုက်ပွဲကာလ ၆ လနီးပါးအတွင်းမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်း မြို့နယ် ၉ ခုကို အေအေက သိမ်းပိုက်ထားပါတယ်။