ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း လုယက်၊ ဓားပြတိုက် ဖောင်ထွင်း၊ ခိုးယူတဲ့ဖြစ်စဉ် အကြိမ် ၃၀ ကျော်ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းမိတာ မရှိခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်း လုယက် ၊ ဓားပြတိုက် ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဉ် ၃၄ ကြိမ်အထိဖြစ်ပွားခဲ့ပြီး တရားခံတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းမိတာမရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
''ဧရာဝတီတိုင်းထဲမှာ အခုနောက်ပိုင်း ရက်ရက်စက်စက် နေ့ခင် ကြောင်တောင် လုယက် သတ်ဖြတ်တာတွေဖြစ်လာတယ်။တရား ခံတွေကိုလည်း တယောက်တောင် ဖမ်းမိတာမရှိခဲ့ဘူး။ ပစ္စည်းကို လိုချင်တာကြောင့် လုယက္တာ၊ ခိုးတာတွေအဖြစ်များတယ်။''
အဲဒီဖြစ်စဉ်တွေဟာ လပွတ္တာ၊ ဝါးခယ်မ၊ ပုသိမ်၊ ဘိုကလေး၊ မအူပင်၊ ဟင်္သာတ၊ ကျောင်းကုန်း၊ မြောင်းမြ ၊ပန်းတနော် စတဲ့မြို့နယ်တွေမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
လပွတ္တာမြို့ခံ အမျိုးသမီးတဦးက''လပွတ္တာမြို့ ၃ မိုင်မြို့သစ်မှာ ဧပြီလ ၁၈ ရက်က ဆိုင်ကယ်ကယ်ရီသမားက ခရီးသည်ကို သတ်ပြီး ပစ္စည်းလုယက်တဲ့ ဖြစ်စဉ်ဖြစ်ခဲ့တယ်။ လပွတ္တာဘက်မှာ ခိုးမှုတွေတော့ ခဏခဏ ဖြစ်တာ ရှိတယ်။ အခုလို လူကို သတ်ပစ္စည်းကို လုယက်တာတော့ ဖြစ်ခဲပါတယ်။ ဒေသမှာတော့ စစ်တပ်က အာဏာသိမ်းကတည်းက လုံခြုံမှု လုံးဝ မရှိတာကြာပြီ''လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် မတ် ၁ ရက်မှ ၃၀ ရက်အထိ ၁ လတာကာလအတွင်း လုယက်၊ ဖောက်ထွင်း၊ ခိုးယူလုယက် ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် အကြိမ် ၃၀ အထိ ဖြစ်ပွားခဲ့တာကြောင့် ဧပြီလ အတွင်းမှာ ၄ ကြိမ် ပိုမိုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Photo - Min Min