တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်လို့ ဒေသခံ ၃ ယောက် သေဆုံးခဲ့ပြီး မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ရွာနဲ့ လယ်အိုရွာကိုလည်း လေကြောင်းက တိုက်ခိုက်လို့ မိန်းကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက်သေ၊ ၁ ယောက် ဒဏ်ရာရသွားပါတယ်။
သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို မေ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီကျော်လောက်မှာ ရေကြောင်း၊
စစ်ရဟတ်ယာဉ် ၂ စင်း၊ ဂျက်ဖိုက်တာ ၁ စင်းနဲ့ ဗုံးအလုံးရေ ၂၀ လောက် ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ရွာအနောက်ဘက်ပင်လယ်ဝမှာ ရပ်ထားတဲ့ စစ်သင်္ဘောကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အလုပ်ကနေ ပြန်လာကြတဲ့ အသက် ၄၀ ကျော်အရွယ် ဦးနောင်ဂေါ၊ ဦးနိုင်ကြီးနဲ့ ဦးညီဦးတို့ ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကနက်သီရိရွာနဲ့ အနီးအနားမှာ တိုက်ပွဲမရှိသလို တော်လှန်ရေးတပ်တွေလည်း အခြေစိုက် လှုပ်ရှားတာမျိုးမရှိဘူးလို့ DDMSC တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောဆိုထားပါတယ်။
မေ ၈ ရက် ညနေပိုင်းကလည်း တနင်္သာရီတိုင်း၊ ကနက်သီရိကျေးရွာနဲ့ အနီးအနားကျေးရွာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ လူငယ် ၂ ယောက် ထိမှန်သေဆုံးပြီး ၈ ယောက်လောက် ဒဏ်ရာရသလို တိုက်နယ်ဆေးရုံတရုံလည်း ပျက်စီးသွားပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာအနီးကို စစ်ကောင်စီတပ်က မေ ၉ ရက်နဲ့ ၁၀ ရက် နေ့ခင်းပိုင်းနဲ့ ညနေပိုင်းတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံရွာသားတဦးက “ရွာအနောက်ဘက် တောင်ပေါ်ဘုရားကျောင်းကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပစ်ခတ်နေတယ်ဗျ။ မနေ့ မေလ ၉ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်နဲ့ ဒီနေ့ မေလ ၁၀ ရက်နေ့ နေ့ခင်းပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်။ ၉ ရက်နေ့ ပစ်တာက ဂျက်ဖိုက်တာနဲ့ ၂ ပတ်ပတ်ပြီး ပစ်သွားတာ။ လူထိခိုက်သေဆုံးတာတွေ ရှိတယ်။ အဆောက်အဦတချို့လည်း မီးလောင်တယ်။ လူတဦးသေဆုံးပြီး တဦး လက်ပြတ်ဒဏ်ရာရတယ်။ ကျန်တဲ့ အသေးစား ထိခိုက်မှုတွေလည်း ရှိတယ်လို့ သိထားရတယ်။ ဗုံးကြဲချတဲ့နေရာကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်က လုံခြုံရေးအရ ပေးဝင်တာတွေ ကန့်သတ်ထားတယ်” လို့ ပြောပါတယ်။
အရပ်သားသေဆုံးမှုနဲ့ ပတ်သက်လို့ မကွေးတိုင်း ပအဖကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။
ပေါက်မြို့နယ်မြောက်ပိုင်း၊ လယ်အိုကျေးရွာကိုလည်း စစ်တပ်က မေ ၁၀ ရက်နေ့ မနက် ၁၁ နာရီခွဲကနေ ၁၂ နာရီ ၄၅ မိနစ်လောက်အထိ တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “ဘာတိုက်ပွဲမှ မဖြစ်ပါဘူး။ အကြောင်းမဲ့ကိုလာပစ်တာ။ လေယာဉ်လာလာချင်း ဗုံးသီး ၂ လုံးကြဲချတယ်။ အိမ် ၁၀ လုံးပျက်စီးတယ်။ ၉ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးတယ်။ နောက်ထပ် မိန်းကလေး ၂ ဦးနဲ့ အမျိုးသား ၄ ဦးဒဏ်ရာရရှိတယ်။ ကျမတို့ ရွာသူရွာသားတွေ အခု ကြောက်လန့်နေကြတယ်။ အခုလို ဘာမှမဖြစ်ဘဲ လာပစ်တာကြီးကတော့ ဘယ်လိုမှ ခံနိုင်စရာမရှိဘူး” လို့ ပြောပါတယ်။
ဗုံးကြဲတဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့လို့ အိမ်တွေလည်း ပျက်စီးသွားပြီး နောက်ထပ်လည်း လေကြောင်းကတိုက်ခိုက်မယ်ဆိုတဲ့ သတင်းထွက်နေတာကြောင့် အိမ်ပျက်စီးတဲ့စာရင်းတွေ မကောက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ဒီကောင်တွေ ဘာသတင်းရလို အခုလိုပစ်တာလဲမသိပါဘူး။ ကျနော်တို့အဖွဲ့တွေကတော့ အဲဒီရွာအနီးမှာ မရှိပါဘူး။ သူတို့ပစ်ခတ်ချင်လို့ကို ပစ်သွားတာရယ်။ အရပ်သားတွေအနေနဲ့လည်း လေယာဉ်သံကြားပြီဆိုတာနဲ့ အနီးဆုံး အခိုင်မာအိမ်တွေဆီ ရှောင်တိမ်းကြဖို့ အထူးသတိပေးချင်ပါတယ်။ အခု ဒဏ်ရာရရှိတဲ့ ပြည်သူများကိုလည်း ကျနော်တို့ ဆေးကုသကူညီမှုတွေ ပြုလုပ်ပေးနေတယ်” လို့ ပြောပါတယ်။