ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတယောက် မုဒိမ်းကျင့်ခံရပြီး လက်နဲ့ခြေထောက်ချိုး၊ လည်ပင်းလှီး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်မှာ မေ ၁၀ ရက် နေ့ခင်းဘက်က အသက်၁၅ နှစ်အရွယ် မဂွမ်ရိန်ဒူနော်ဟာ မိဘတွေက စားဆီဝယ်ဖို့လွှတ်လိုက်တဲ့အချိန်မှာ ခုလို သတ်ဖြတ်ခံရတာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူက ဒီဗွီဘီကို ပြောပါတယ်။
“သူ့အမေက စားဆီကုန်လို့ နေ့ခင်းမှာသူ့သမီးကို သွားဝယ်ခိုင်းလိုက်တာ။ ညထိပြန်မလာလို့ သွားရှာလိုက်တော့ ည ၁၂ နာရီခန့်သက်ကေတောတနေရာမှာ အလောင်းတွေ့လိုက်တယ်။ အဝတ်ဗလာ၊ လက်နဲ့ ခြေထောက်လည်းချိုးခံရတယ်။ လည်ပင်းလည်းလှီးခံရပြီး မုဒိမ်းကျင့် သတ်ဖြတ်ခံရတာပါ” လို့ ပြောပါတယ်။
ဒီလိုအဖြစ်မျိုးကို ပူတာအိုဒေသမှာ တကြိမ်တခါမှ မကြုံဖူးသေးဘဲ ကြောက်စရာဖြစ်ရပ်ပါလို့ ပူတာအိုဒေသခံ လူကြီးတယောက်က ပြောပါတယ်။
“ပူတာအိုမှာ ဘယ်တုန်းကမှ မကြားဖူးတဲ့အဖြစ်ပျက်ပါ။ ရွှေတူးသမားတွေ၊ ဆောက်လုပ်ရေး အလုပ်သမားတွေ၊ သံအိုးသံခွက်ရောင်းတွေသူများလာတဲ့ ပူတာအိုမှာ လမ်းပိတ် ကုန်ဈေးနှုန်းတွေတက်တော့ ဒီလူတွေဟာ အလုပ်မဲ့၊ အစားမဲ့ သူတောင်းစားတွေ၊ ဓားပြတွေဖြစ်လာတယ်။ နောက်ဆုံးတော့ မုဒိမ်းကျင့်၊ လူသတ်မှုပါ ကျူးလွန်လာကြတယ်။ ပူတာအိုမလုံခြုံတော့ဘူး” လို့ ပြောပါတယ်။
တော်လှန်ရေးတပ် တာဝန်ရှိသူတယောက်ကလည်း အခုလို လူမဆန်တဲ့ ပြစ်မှုကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာဖြစ်ပြီး အမြန်ဆုံးအပြစ်ပေးနိုင်အောင် ပတ်ဝန်းကျင်က ဝိုင်းဝန်းကူညီကြဖို့ ပြောပါတယ်။
ပုံ - ဒေသခံ