Home
မြန်မာသတင်း
ဘီးလင်း ကျုံအိတ်တံတား မိုင်းထပ်ခွဲခံရပြီး ဆက်သွယ်ရေးပြတ်တောက်
DVB
·
May 11, 2024
bri 3
bri 2
bri 1

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်ကြားက ကျုံအိတ်တံတား မေ ၁၁ ရက်နေ့ မနက်အစောပိုင်းက မိုင်းဖောက်ခွဲခံရတာကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေက ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးမှာရှိတဲ့ ကျုံအိတ်တံတား မေ ၁၁ ရက် မနက် ၁ နာရီကျော်က မိုင်းခွဲဖျက်ဆီးခံရပြီးနောက် တံတားအနီးမှာ လက်နက်ကြီး၊ လက်နက်ငယ်အသံတွေ ဆက်တိုက်ကြားနေရတယ်လို့ ရွှေရောင်ပြရွာသားတယောက်က ပြောပါတယ်။

“ညက ၁ နာရီကျော်ကစပြီး မိုင်းခွဲသံတွေရော၊ လက်နက်ကြီး၊ လက်နက်‌ငယ်တွေရော ဆက်တိုက်ကြားရတာ။ ၂ နာရီ ၃ နာရီကျော်တဲ့အထိက အသံတွေက မရပ်ဘူး၊ တိုက်ပွဲဖြစ်နေတယ်ပဲ ထင်နေတာ။ မနက်ကျမှ တံတားမိုင်းခွဲခံရတာဖြစ်နေတယ်” လို့ ပြောပါတယ်။

မိုင်းခွဲခံရတာကြောင့် အရင်တခေါက်က မိုင်းခွဲခံရတာမှာ ကျန်ခဲ့တဲ့ အုတ်တံတားတခြမ်းရော ပျက်စီးနေတဲ့နေရာမှာအသစ်ထိုးထားတဲ့ သံ‌ဘေလီတံတားပါ လုံးဝပျက်စီးခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်လို့ ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီးလို့ ကားသမားတယောက်က ပြောပါတယ်။

“ဒီတံတားက ရန်ကုန်-မော်လမြိုင်ဘက်က အရေးပါတဲ့ တံတားတခုပဲ။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတာကြောင့် ဒီဘက်ရော ဟိုဘက်ရော ကုန်စည်စီးစင်းမှုလုံးဝပျက်သွားပြီး။ ခုလက်ရှိ အခြားထွက်ပေါက်လမ်းကြောင်းလည်း မရှိတော့ တံတားအမြန်ဆုံးပြင်ပြီးပါစေလို့ပဲ ဆုတောင်းမှရမယ်” လို့ ပြောပါတယ်။

ကျုံအိတ်တံတား မိုင်းခွဲခံရတာနဲ့ပတ်သက်ပြီး KNU/KNLA နဲ့ သထုံခရိုင် PDF တာဝန်ခံကို မေးမြန်းထားပေမယ့် ‌ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

ရွှေရောင်ပြကျေးရွာက ကျုံအိတ်တံတားကို  ၂၀၂၃ ခုနှစ်၊ ဇွန် ၂၉ ရက်နေ့က မိုင်းဖောက်ခွဲ ဖျက်ဆီးခံရတာကြောင့် တံတားတခြမ်းပြိုကျပျက်စီးခဲ့သလို တံတားပြင်ဆင်နေတဲ့ ကာလအတွင်းလည်း ၄ ကြိမ်ထက်မနည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မေ ၄ ရက်နေ့ကလည်း သထုံမြို့နယ်၊ တံတားဦးကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က တံတားတစင်း မိုင်းခွဲဖျက်စီးခံခဲ့ရတာကြောင့် တံတားလက်ရန်း နည်းနည်းပျက်စီးခဲ့သလို ဖြတ်သွားတဲ့ ၁၂ ဘီးကားလည်း မိုင်းစထိမှန်ပြီး ယာဉ်မောင်းတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024