မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်က အကြည်ပန်းပလွန်ကျေးရွာဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း နစ်နာဆုံးရှုံးခဲ့ရတဲ့သူတွေအတွက် ဆေးဝါးနဲ့ ငွေကြေး အထောက်အပံ့တွေ လိုအပ်နေပါတယ်။
လတ်တလောမှာတော့ ဗုံးဒဏ်သင့်ဒေသခံတွေဟာ ဆေးဝါးကုသဖို့နဲ့ ငွေကြေးအထောက်အပံ့ လိုအပ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“လက်ရှိ မြို့နယ်လူသားချင်းစာနာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံကိုယ်တိုင် နစ်နာသွားတဲ့မိသားစုတွေနဲ့ အခင်းဖြစ်ပွားတဲ့ နေရာကို ကွင်းဆင်းနေပါတယ်။ လိုအပ်တာတွေတော့ များမယ်။ တိတိကျကျတော့ ပြောလို့မရသေးဘူးပေါ့။ ဒဏ်ရာရတဲ့သူတွေ ကတော့ ဆေးဝါးကုသဖို့ ဆေးဝါးနဲ့ ငွေကြေးအထောက်အပံ့တော့လိုမယ်” လို့ ပြောပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၁၆ ဦးရဲ့ အလောင်းတွေ့ရှိပြီး ၂၀ ကျော် ပျောက်ဆုံးနေကာ ၃၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့တာပါ။
စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့နယ်မြေတွေကို စဉ်ဆက်မပြတ် လေကြောင်းနဲ့ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ ဗုံးခိုကျင်းတွေတူးဖို့ လိုအပ်တယ်လို့ ဆော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ပြည်သူလူတွေ ဘေးကင်းရာမှာ နေကြဖို့နဲ့ ဗုံးခိုကျင်းတွေကို သေသေချာချာ တူးထားဖို့ ပြောချင်ပါတယ်”
စစ်တပ်က အာဏာသိမ်းတဲ့ ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုက ပြည်သူနေထိုင်ရာကျေးရွာတွေကို စဉ်ဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာပါ။ ဒီတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၅,၀၀၀ ကျော် သေဆုံးခဲ့ရပြီး နေအိမ်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦပေါင်း ၈၀,၀၀၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ ISP မြန်မာအဖွဲ့ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ခွန်ဇော်ဦး