မြဝတီမြို့တဘက်ကမ်း၊ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ မယ်လမတ်မြို့ဘက်မှာ မြန်မာဘက်ကို ထိုင်းဘက်မှ အင်တာနက်ကြိုးသွယ်ထားတာကို ထိုင်းအာဏာပိုင်တွေက ဒီနေ့ မေ ၉ ရက်မှာ လာရောက်သိမ်းဆည်းဖြတ်တောက်လိုက်ပါတယ်။
မြဝတီမြို့မြောက်ဘက် ရွှေကုက္ကို မြို့သစ်မှာတနေရာ၊ မြဝတီတောင်ဘက် မယ်ထော်တလေးရွာအနီးမှာတနေရာ၊ စုစုပေါင်းနေရာနှစ်ခုကို ထိုင်းဘက်က အင်ဂျင်နီယာတွေ အပါအဝင် အဖွဲ့ပေါင်းစုံ လာရောက်ဖြတ်တောက်သွားတာပါ။
အခုလို ထိုင်းဘက်က ပေးသုံးနေတဲ့ အင်တာနက်ကို မြဝတီမြို့ပြည်သူတွေ အသုံးပြုခွင့်မရတာကြောင့် ထိုင်းဘက်က ပြန်သိမ်းလိုက်တာက ပိုကောင်းပြီး မဟုတ်ရင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအတွက်ပဲ ဖြစ်သွားမယ်လို့ မြဝတီ မြို့ခံတယောက်က ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ ကျားဖျန့်အပြင် မူးယစ်ဆေးလုပ်ငန်းတွေလည်းများပြားပြီး အင်တာနက်ကတဆင့် တရက်ကို ငွေသန်းပေါင်းများစွာ ငွေလိမ်နေတယ်လို့ သိရပါတယ်။