Home
မြန်မာသတင်း
သရက်ချောင်းတွင် စစ်တပ်ဗုံးကြဲသဖြင့် လူငယ် ၂ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရ
DVB
·
May 9, 2024
BOMB_09052024
BOMB2_09052024
BOMB1_09052024
BOMB3_09052024

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာနဲ့ အနီးအနားကျေးရွာတွေကို စစ်ကောင်စီတပ်က မေ ၈ ရက် ညနေပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲလို့ လူငယ် ၂ ယောက် ထိမှန်သေဆုံးပြီး ၈ ယောက်လောက် ဒဏ်ရာရသလို တိုက်နယ်ဆေးရုံတရုံလည်း ပျက်စီးသွားပါတယ်။

တိုက်ပွဲမရှိဘဲ မေ ၈ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီ တိုက်လေယာဉ် ၂ စင်းက လာရောက်ဗုံးကြဲခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကနက်သီရိရွာ ဘောလုံးကွင်းမှာ ဘောလုံးကစားနေကြတဲ့ အသက် ၁၆ နှစ် အရွယ် မောင်ပိုင်စိုးသူနဲ့ မောင်ဟိန်းပြည့်ဖြိုးတို့ ၂ ယောက် သေဆုံးခဲ့ပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) တာဝန်ရှိသူတယောက်က “နှစ်ယောက်စလုံးကတော့ ခန္ဓာကိုယ်အနှံ့ပဲဗျ၊ ထိတာ။ တယောက်ကတော့ ဗိုက်ပွင့်ပြီး အူတွေပါ ထိသွားပါတယ်။ ဒဏ်ရာရတာက ၈ ယောက်လောက် ရှိတယ်ကြားပါတယ်၊ ဒဏ်ရာ အခြေအနေတော့ အတိအကျမသိရဘူးဗျ။ စက်သေနတ်နဲ့ ပစ်တယ်လို့လည်း ကြားပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကနက်သီရိရွာအနီး ရငဲရွာက ယာယီပိတ်ထားတဲ့ တိုက်နယ်ဆေးရုံတရုံလည်း လုံးဝ ပျက်စီးသွားတယ်လို့ DDMSC က ထုတ်ပြန်ထားပါတယ်။

ကနက်သီရိရွာနဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်တာမရှိသလိ တော်လှန်ရေးတပ်တွေ အခြေစိုက် လှုပ်ရှားတာမျိုးလည်း မရှိဘဲ မရှိဘဲ အခုလို အရပ်သားပြည်သူတွေပဲ နေထိုင်တဲ့နေရာမျိုးကို ဗုံးကြဲတိုက်ခိုက်တာဟာ ပုံမှန်ကျူးလွန်နေကျဖြစ်တဲ့ စစ်ရာဇဝတ်မှုတခုကို စစ်ကောင်စီက ထပ်မံ ကျူးလွန်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

DDMSC တာဝန်ရှိသူတယောက်က “အဲနားတိုက်ပွဲမရှိပါဘူး။ တော်လှန်ရေးတပ်တွေ လှုပ်ရှား သွားလာတာမျိုးလည်းမကြားရပါဘူး။ တိုက်ပွဲမရှိလို့ဘဲ ကလေးတွေက အေးအေးဆေးဆေး ဘောလုံးကစားနေကြတာပါ” လို့ ပြောပါတယ်။

မေ ၈ ရက်၊ မနက် ၈ နာရီ ကျော်ကတော့ တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုနှစ်အစောပိုင်းကစပြီး ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေး တပ်တွေက ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်လာပြီး စစ်ကောင်စီဘက်ကလည်း ဗုံးကြဲ တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတိုက်ခိုက်မှုတွေအတွင်း ရုန်းရင်းဆန်ခတ် ထွက်ပြေးတာမျိုးမလုပ်ဘဲ လုံလုံခြုံခြုံပုန်းခိုနိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေဆီက အကြံဉာဏ်ရယူပြီး ဗုံးခိုကျင်းတွေ တူးထားကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ - ဒေသခံ၊ DDMSC

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013