Home
မြန်မာသတင်း
ကျောက်ထုတွင် ဘုန်းကြီးကျောင်းကို စစ်တပ်ကဗုံးကြဲ၊ ၂၀ ကျော်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရ
DVB
·
May 9, 2024
K H_09052025
K-H1_09052025
KH2_09052025

မကွေးတိုင်း ယောဒေသ ဆောမြို့နယ် ကျောက်ထုမြို့က ဘုန်းကြီးကျောင်းကို ဒီနေ့ မေ ၉ ရက် မနက်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ဘုန်းတော်ကြီး တပါးနဲ့ ဒေသခံ ၂၀ ကျော်သေဆုံးပြီး ၃၀ နီးပါးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၁၁ နာရီအချိန်မှာ ကျောက်ထုမြို့၊ အကြည်ပန်းပလွန်းကျေးရွာ(ဒေသအခေါ် အကြည်ရွာ) ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး၊ မီးလောင်ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မီးလောင်သေဆုံးတဲ့ သံဃာ ၁ ပါးနဲ့ လူအယောက် ၂၀ ရဲ့ အလောင်းကို ကယ်ဆယ်ရေးသမားတွေက တွေ့ရှိထားပြီး ပျောက်ဆုံးနေသူတွေရှိလို့ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ဘုန်းကြီးဆွမ်းစားပြီးချိန်ပေါ့နော်။ ဘုန်းကြီးကျောင်းကတော့ မီးလောင်သွားတယ်၊ ကြဲတာကတော့ ပေါင် ၅၀၀ ဗုံးတွေရော မီးလောင်ဗုံးရောပါတယ်၊ အလောင်းကတော့ ၂၀ ကျော် ရထားပါပြီ။ ဆေးရုံတွေမှာလည်း နေရာတွေခွဲပြီး ကုနေရတဲ့အခါကျတော့ ဒဏ်ရာရ အရေအတွက်ကို မသိရဘူး။ အချို့တွေကျတော့ ပျောက်ဆုံးနေတယ်၊ အချို့ကိုတော့ ပြာပုံထဲမှာရှာနေတုန်းပါ” လို့ ပြောပါတယ်။

ဒဏ်ရာရရှိသူ အရေအတွက် ၃၀ ကျော်တယ်လို့ ကယ်ဆယ်ရေးသမားတွေက ခန့်မှန်းထားပြီး ဆေးကုသမှုတွေလည်း အရေးပေါ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဘုန်းကြီးကျောင်းမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ကားသမားတွေ၊ ဒေသခံတွေ ရပ်ရွာကိစ္စ အစည်းအဝေးလုပ်နေတုန်း အခုလို တိုက်ခိုက်ခံရတာလို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013