ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့ မေ ၉ ရက် ညနေပိုင်းမှာ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီဘက်က လက်နက်ကြီး အများအပြား ပစ်ခတ်နေပြီး ဒေသခံတယောက် ဒဏ်ရာရသွားပါတယ်။
ဒေသခံတယောက်က “ဘယ်ဘက်က ပစ်တာလဲတော့ မသိဘူး။ လင်းသီရွာ လမ်းဆုံမှာ လက်နက်ကြီးတလုံးကျတယ်။ သပြုချိုင်ရွာက ကိုအောင်ကိုလတ်ဆိုတဲ့သူ ထိတယ်။ အသက် ၃၀ ကျော်လောက်။ ဒဏ်ရာပြင်းတယ်လို့ သိရတယ်။ သံတွဲဆေးရုံကို ယူသွားပြီ။ သူ့ကို ဆေးရုံပို့ဖို့ စစ်တပ်က ဗိုလ်ကြီးတယောက်ရောက်လာတုန်း နောက်ထပ်လက်နက်ကြီး အစမှန်လို့ အဲဒီဗိုလ်ကြီးလည်း ဆေးရုံရောက်တယ်လို့တော့ ကြားတယ်။ ဒါကိုတော့ သေချာ မသိသေးဘူး” လို့ ပြောပါတယ်။
တိုက်ပွဲအခြေအနေကိုတော့ မသိရဘဲ သေနတ်ပစ်ခတ်သံတွေ ကြားနေရတယ်လို့လည်း သူက ဆိုပါတယ်။
လင်းသီရွာရဲ့ ချောင်းတဖက်ကမ်းမှာ AA နဲ့ တိုက်ပွဲဖြစ်နေပြီး သံတွဲမြို့အထွက် ဘားတောင်းတောင်မှာ ထိုင်ထားတဲ့တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ သံတွဲမြို့ခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “အတွဲလိုက်ပစ်တာ ၄ ကြိမ် ရှိပြီ။ မိုးခြိမ်းသံလိုပဲ။ တလုံးချင်းပစ်တာလည်း ကြားရတယ်။ မနေ့ကတော့ လက်နက်ကြီး မပစ်ဘူး။ ဒါပေမဲ့ မနေ့ညကတော့ သူဌေးဘက်မှာ ပစ်ခတ်နေကြတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
လင်းသီရွာရဲ့ တဖက်ကမ်းမှာ AA တပ်တွေရှိနေပြီး လင်းသီရွာထဲမှာတော့ စစ်ကောင်စီတပ်သားတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအများစုကတော့ ရွာကနေ ထွက်မပြေးကြဘဲ လင်းသီ တဖက်ကမ်းရွာတွေဖြစ်တဲ့ ပုရစ်၊ ရေကောက်၊ ဆူးပုတ်ကုန်း စတဲ့ ရွာတွေက ဒေသခံတွေကတော့ နီးစပ်ရာရွာတွေနဲ့ သံတွဲမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
လင်းသီရွာ ဒေသခံတယောက်က “လင်းသီကလူတွေက မပြေးကြဘူး။ ပစ်ရင် ခတ်ရင် တွင်း (ဗုံးခိုကျင်း) ထဲ နေကြတယ်။ ချောင်းတဖက်မှာ အေအေကရှိနေတာ။ တဖာလုံလောက်ပဲဝေးမယ်။ အဲချောင်းက တံတားထိပ်မှာရှိတဲ့သူတွေတောင် မပြေးတဲ့သူတွေရှိတယ်။ တနေ့ကတော့ လက်နက်ကြီးက ရွာထဲကျပြီး အိမ်တချို့ထိတယ်။ လူတွေတော့ ဘာမှ မဖြစ်ဘူး” လို့ ပြောပါတယ်။
မေ ၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ လင်းသီရွာနားက ပြွန်ခေါင်တောင် ဝန်းကျင်ကို ဗုံးလာကြဲခဲ့ပြီး အနားမှာရှိတဲ့ သပြုချိုင်ရွာထဲကို တလုံးကျရောက်ခဲ့ပေမဲ့ လူတွေ ထိခိုက်တာတော့ မရှိဘူးလို့ သိရပါတယ်။