နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီဒီယိုကောလ် တွေ့ဆုံစကားပြောခွင့်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ တောင်းဆိုချက်ကို စစ်ကောင်စီက ပယ်ချလိုက်ပါတယ်။
လက်ရှိကမ္ဘောဒီးယားအထက်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာဟွန်ဆန်ဟာ မေ ၇ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဗွီဒီယိုကောလ်နဲ့ တနာရီကျော်ကြာတွေ့ဆုံ တွေ့ဆုံဆွေးနွေးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟွန်ဆန်ကို တွေ့ဆုံခွင့်ပေးဖို့ လတ်တလောမှာ ဆောင်ရွက်ပေးနိုင်စရာ အကြောင်းမရှိသေးဘူးလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင်ရုပ်သံမှာ အခုလို ဖြေကြားထားပါတယ်။
“မစ္စတာ ဆမ်ဒက်ဟွန်ဆန်း ဆိုတာ မြန်မာနိုင်ငံအပေါ်မှာ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်၊ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဝါရင့်ခေါင်းဆောင်တဦးလည်း ဖြစ်တယ်။ အာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့အချိန်တုန်းကလည်း ကိုယ်တိုင်လာရောက်ပြီးတော့ မြန်မာနိုင်ငံအပေါ် စေတနာထားပြီး ဆွေးနွေးခဲ့ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံကလည်း အထူးကျေးဇူးတင်ရှိပါတယ်။ နိုင်ငံတော် ဝန်ကြီးချုပ်ကလည်း သူနဲ့ တွေ့ဆုံတဲ့အခါမှာ ဒီအကြောင်းအရာတွေကြောင့် အထူးကျေးဇူးတင်ရှိတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော် ကျနော်တို့ရဲ့ ရပ်တည်ချက်ကတော့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ရှိတယ်။ ရှေ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွား မယ်။ ရှေ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်တဲ့နေရာမှာ ကျနော်တို့အနေနဲ့ နှောင့်နှေးစေနိုင်တယ်၊ မလိုအပ်ဘူးလို့ ယူဆတယ်ဆိုရင် ကျနော်တို့အနေနဲ့တော့ လတ်တလောမှာ ဆောင်ရွက်ပေးနိုင်စရာ အကြောင်းတော့ မရှိသေးပါဘူး။”
စစ်တပ် အာဏာသိမ်းပြီးကတည်းက ထိန်းသိမ်းခံခဲ့ရပြီး စွဲချက်အမျိုးမျိုးနဲ့ ထောင် ၂၇ နှစ်အထိ ချမှတ်ခံထားရတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်ပက လူတွေနဲ့ တွေ့ဆုံခွင့်မရသလို သူ့မိသားစုနဲ့ ရှေ့နေတွေကတောင် တွေ့ခွင့်မရတာ ကာလအတော်ကြာပြီ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားကို ဆယ်စုနှစ်လေးခုနီးပါး အုပ်ချုပ်ခဲ့သူ မစ္စတာဟွန်ဆန်ဟာ ၂၀၂၃ မှာ ဝန်ကြီးချုပ်ရာထူးက ဆင်းပေးပြီး သားဖြစ်သူကို အာဏာလွှဲထားပေမဲ့ အခုအထိ အာဏာရှိနေဆဲလို့ အသိအမှတ်ပြုခံထားရသူ ဖြစ်ပါတယ်။
လက်ရှိမှာ ကမ္ဘောဒီးယားအထက်လွှတ်တော် ဥက္ကဋ္ဌရာထူးရယူထားတဲ့ ဟွန်ဆန်ဟာ မြန်မာ့အရေးမှာ ဘာတရားဝင်ညှိနှိုင်းရေးရာထူးမှ ယူထားတာမရှိဘဲ ဘာကိစ္စ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ရတာလဲဆိုတာ သေချာမသိရသေးပါဘူး။
မြန်မာနိုင်ငံကို ကမ္ဘောဒီးယားက အထူးကိုယ်စားလှယ် စေလွှတ်မယ်လို့လည်း ဟွန်ဆန်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။
အလားတူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ ပဋိပက္ခနဲ့ နိုင်ငံရေးအကျပ်အတည်း ထွက်ပေါက်ရှာဖွေနိုင်ဖို့ ထိုင်းနိုင်ငံရေးမှာ အရေးပါခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အနေနဲ့ ကြားကနေ ဝင်ရောက် ညှိနှိုင်းပေးချင်တာကြောင့် သူ့ရဲ့ကိုယ်စားလှယ်တွေကနေတဆင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တယ်လို့ ထိုင်းလုံခြုံရေးကောင်စီ သတင်းရင်းမြစ်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သက်ဆင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ကြောင်းနဲ့ အကြမ်းဖက်အားပေးလုပ်နေတဲ့ အဖွဲ့တွေကို အားပေးအားမြှောက် မလုပ်သင့်ဘူးလို့ ပြောပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော်တို့အနေနဲ့ကတော့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းပေါ့ မစ္စတာသက်ဆင်နဲ့လည်း အရင်တုန်းက မြန်မာနိုင်ငံအစိုးရနဲ့ရော တပ်မတော်နဲ့ရော ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။ အခုလက်ရှိလည်း ဒါထိုင်းနိုင်ငံနဲ့ ပတ်သက်ပြီး အစိုးရနှစ်ရပ်ချင်း တပ်မတော် နှစ်ရပ်ချင်း ဆက်သွယ်ဆက်ဆံရေး အဆက်မပြတ်ရှိနေတာ ဖြစ်ပါတယ်။ ဆက်သွယ် ဆက်ဆံခဲ့တဲ့ အစဉ်အလာ တိုင်ပင်ဆွေးနွေး ရပ်တည်ခဲ့တဲ့ အစဉ်အလာတွေ ရှိပြီးဖြစ်ပါတယ်။ ဒီနှစ် မတ်လ ၂၈ ရက်မှာ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရက်ချောလက်က K3C အဖွဲ့နဲ့ တွေ့ပြီး ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ နောက်ပိုင်းမှာလည်း ချင်းမိုင်မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးမှာ တချို့သော EAO အဖွဲ့တွေနဲ့ ဖိတ်ခေါ်တွေ့ဆုံခဲ့တာရှိပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ မြန်မာမြေကို သုံးပြီး အိမ်နီးချင်းနိုင်ငံတွေကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေ၊ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို လက်ခံမှာမဟုတ်ဘူးလို့ ပြောပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ သဘောထားကတော့ ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံ အကျိုးကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဆန့်ကျင်ဘက်လုပ်နေတဲ့ အကြမ်းဖက်အားပေးလုပ်နေတဲ့ အဖွဲ့တွေကို အားပေးအားမြှောက်ပြုတဲ့ ပုံစံမျိုးကိုတော့ မလုပ်သင့်ဘူးလို့ပဲ ကျနော်တို့ ယူဆပါတယ်”လို့ ပြောပါတယ်။
ဧပြီ ၁၃ ရက်က ထိုင်းမြောက်ပိုင်း ချင်းမိုင်မှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ တွေ့ဆုံခဲ့တဲ့ အဖွဲ့တွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်အမျိုးသားအစည်းအရုံး (KNO)၊ စတဲ့ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ပါဝင်ပြီး နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်ကြီး ရွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။