Home
မြန်မာသတင်း
မြိုင်နှင့်ပုလဲတွင် စစ်တပ်က PDF စခန်းအပါ နေအိမ် ၆၀ ကျော်မီးရှို့၊ ဒေသခံ ၂ ဦးကိုသတ်ပြီး ၂၀ ခန့် ဖမ်းဆီး  
DVB
·
May 9, 2024
myine 952024
myine 2 952024
myine 1 952024

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက ကံသစ်ကျေးရွာနဲ့ ကံသစ်ကျေးရွာနားက PDF စခန်းကို မေ ၈ ရက် မနက် ၅ နာရီခွဲ၀န်းကျင်မှာ စစ်တပ်က ၀င်ရောက်စီးနင်းကာ မီးရှို့သွားခဲ့ပြီး ဒေသခံ ၂ ဦးကို သတ်ဖြတ်ကာ ရွာခံ ၂၀ လောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက “အင်အား ၈၀ လောက်ပါတဲ့ ပခုက္ကူ ၁၀၁ တပ်က PDF စခန်းကို ရုတ်တရက် ၀င်စီးတာ။ PDF ရဲဘော်တွေကတော့ ကင်းသမားတွေကတဆင့် ဆက်သွယ်လာလို့ ​လွတ်သွားတယ်။ လက်နက်ခဲယမ်း၊ ကျည်တွေရယ်၊ စခန်းက တဲအဆောင်လေး တွေ မီးရှို့ခံလိုက်ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ကံသစ်ကျေးရွာက ဒေသခံတွေရဲ့ ဆိုင်ကယ် ၁၀ စီးနဲ့ ကား ၂ စီးကို ယူဆောင်သွားတဲ့အပြင် ရွာခံ ၂၀ လောက်ကိုလည်း ဖမ်းဆီးသွားပြီး ကံသစ်ရွာကိုလည်း မီးရှို့ကာ ရွာသား ၂ ယောက်ကိုလည်း ပစ်သတ်သွားတယ်လို့ ၎င်းက ဆိုပါတယ်။

စစ်တပ်ရဲ့ ပစ်သတ်မှုကြောင့် ရွာသစ်ကျေးရွာက အသက် ၄၀ ၀န်းကျင်အရွယ် ကိုအောင်ဇော်ဦး နဲ့ ကိုနန်းအောင်တို့ သေဆုံးခဲ့ပြီး ရွာကို မီးရှို့ခဲ့တဲ့အတွက်လည်း နေအိမ် ၁၃ လုံး မီးလောင် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “စစ်တပ်က ရွာခံ ၂၀ လောက်ကို ရွာသစ်ရွာနဲ့ ၃ မိုင်ခွဲလောက်မှာရှိတဲ့ ကန်တော်ရွာ စခန်းကို ဖမ်းခေါ်သွားတယ်။ အခုထိ အဆက်အသွယ်မရဘူး။ စစ်သားတွေ ရွာက ပြန်ထွက်သွားတော့ လမ်းမှာ PDF တွေ မိုင်းဆွဲလို့ ယူသွားတဲ့ ကား ၂ စီးက မိုင်းဆွဲခံရတဲ့ နေရာမှာ ထားခဲ့တယ်” လို့ ပြောပါတယ်။

မြိုင်မြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကောင်းပြီး စစ်ကောင်စီတပ်သားတွေ မကြာခဏတိုက်ခိုက်ခံရသလို PDF စခန်းတွေကိုလည်း စစ်တပ်က ၀င်ရောက်စီးနင်းတာတွေ ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ တောရွာလေး(ခေါ်)လုပ်သားရွာကို မေ ၈ ရက် မွန်းတည့် ၁၂ နာရီက အင်မထီးပျူရွာက စစ်သားနဲ့ ပျူ ပူးပေါင်းအဖွဲ့က ဝင်ရောက် မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀ ကျော် မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံရွာသား တဦးက  “ကျနော်တို့ ရွာက မိရိုးဖလာ တောင်သူလုပ်တဲ့ ပြည်သူတွေ များတယ်။ မနက်က အင်မထီးပျူရွာကို  ကာကွယ်ရေးတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်တော့ ရှိတယ်။ ကျနော်တို့ ရွာကနေ ဒရုန်းလွှတ်ပြီး တိုက်တယ်ဆိုတဲ့အထင်နဲ့ ရွာကို မီးရှို့တာ ဖြစ်မယ်။ ကျနော်တိ့ ဒေသခံ တွေကတော့ အဲဒီလိုပဲ ထင်ကြတယ်” လို့ ပြောပါတယ်။

အခုနှစ် ဇန်နဝါရီလက ဇီးသီးကောက်နေတယ်ဆိုတဲ့ ရွာသားတဦးကို စစ်တပ်က ဖမ်းဆီး သွားတာကြောင့်  တောရွာလေး (ခေါ်)လုပ်သားရွာသားတွေဟာ  ကျေးရွာမှာ မနေရဲဘဲ ထွက်ပြေး နေကြရတာဟာ ၃လ အထိ ရှိနေပြီလို့လည်း သိရပါတယ်။

ပုလဲမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဦးဇော်ထက်က “အဲဒီရွာက အင်မထီးပျူရွာရဲ့ တောင်ဘက် ၂ မိုင်သာ ဝေးတဲ့ရွာ၊ အင်မထီးရွာက ပျူနဲ့ စစ်သားတွေရဲ့ အကြိမ်ကြိမ်မီးရှို့ခံရတဲ့ ရွာလို့လည်း ပြောလို့ရတယ်။ အခုလည်း အိမ်ခြေ ၅၀ ကျော် မီးလောင်တယ်” လို့ ဆိုပါတယ်။ 

အဲဒီရွာဟာ ပြည်ထဲရေးအမည်ပေါက် အိမ်ခြေ ၁၃၀ အထိရှိပြီး မီးရှိုခံရတဲ့အကြိမ်ရေ ၄ ကြိမ်မှာ အိမ်အလုံး ၇၀ မီးလောင်ခဲ့ပြီးပြီလို့ သိရပါတယ်။

Photo .... နွေဦးတော်လှန်ရေး - မြိုင်မြို့

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013