Home
မြန်မာသတင်း
ကလေးမြို့တွင် လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦးသေ၊ နတ်မိချောင်းစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်က ၁၈ ဦးသေ
DVB
·
May 11, 2024
Kalay 1152024

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ယောက် သေဆုံးပြီး မကွေးတိုင်း၊ ရေစကြိုမြို့နယ်က နတ်မိချောင်းစစ်ဆင်ရေးမှာ စစ်သား၊ ရဲနဲ့ ပျူစောထီး ၁၈ ယောက် သေဆုံး၊ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိခဲ့​တယ်လို့ သိရပါတယ်။

ကလေးမြို့နယ်၊ ဆည်တောကျေးရွာထဲကို မေ ၁၀ ရက်နေ့၊ မွန်းလွဲ ၁ နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကျေးရွာသား ၂ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ကမ္ဘာနီတံတားမှာတပ်စွဲထားတဲ့ ခွေးသားတွေက လက်နက်ကြီးတွေနဲ့ ဒီနေ့နေ့လယ်က ၂ ခါပစ်တယ်။ ရွာထဲကျလို့ ရွာကအမျိုးသား ၂ ယောက် ဆုံးသွားတယ်။ ၁ ယောက်ကတော့ နံစောင်းမှာဗုံးစမှန်သွားလို့ ဆေးကုနေရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသွားသူတွေဟာ အသက် ၆၀ အရွယ်ဝန်းကျင် Pa Pa Mawng နဲ့ Pa Ci Luai တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတယောက်ကလည်း “ကမ္ဘာနီးတံတားမှာ စစ်သားနဲ့ပျူတွေ တပ်စွဲနေတာ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ခဏခဏ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တယ်။ အခု လဆန်းရက်ကလည်း သူတို့ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ၂ လုံး ရွာထဲကျတယ်။ အဲဒီတုန်းက ရွာက ဘာမှမဖြစ်ခဲ့ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလထဲကလည်း စစ်ကောင်စီတပ်သားတွေရဲ့ အကြောင်းမဲ့ သတ်ဖြတ်မှုကြောင့် ဆည်တောရွာသား ၁ ယောက် သေဆုံးခဲ့ရပါသေးပြီး  ကလေးမြို့နယ်က နေရာအများစုကို စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ နတ်မိချောင်းစစ်ဆင်ရေးအမည်နဲ့ တိုက်ပွဲဆင်နွှဲခဲ့ရာ စစ်သား၊ ရဲနဲ့ ပျူစောထီး ၁၈ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိခဲ့​တယ်လို့ Southern YSO PDF ဆီကနေသိရပါတယ်။

Southern YSO PDF အဖွဲ့တာဝန်ရှိသူက “ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ နတ်မိချောင်းစစ်ဆင်ရေးအမည်နဲ့ တိုက်ပွဲ ၄ ကြိမ်ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီ တိုက်ပွဲတွေမှာ စခ၊ ရခ နဲ့ ပခ ၁၈ ကောင်သေပြီး လက်နက်ခဲယမ်းအနည်းငယ် သိမ်းဆည်းရရှိခဲ့​တယ်” လို့ ပြောပါတယ်။

နတ်မိချောင်းစစ်ဆင်ရေး တိုက်ပွဲဖော်ဆောင်နေချိန် စစ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာတာရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

Southern YSO PDF ဟာ နတ်မိချောင်းအမည်နဲ့စစ်ဆင်ရေးတွေ ဆက်လက် ဖော်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြန်ကြားရေးတာဝန်ခံတယောက်က “Local PDF ဘဝက ကိုယ်ထူကိုယ်ထ ကြိုးစားရင်း ရှေ့ဆက်ပြီး နတ်မိချောင်း စစ်ဆင်ရေးတွေ များများလုပ်နိုင်ဖို့ အဓိက လက်နက်တွေ၊ ကျည်နဲ့ ခဲယမ်းတွေဖြစ်လို့ နတ်မိချောင်းစစ်ဆင်ရေးအတွက် ကျည်ကမ်ပိန်း ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း ပါဝင်ပေးကြပါ” လို့ ပြောပါတယ်။

Southern YSO PDF ဆီကို အလင်းဝင်ရောက်ဖို့ ဆက်သွယ်လာသူတွေရှိပေမယ့် ငွေကြေးအခက်အခဲကြောင့် လက်ခံနိုင်ခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

Photo - Southern YSO PDF

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013