ပါလက်စတိုင်းနိုင်ငံရဲ့ ကုလတင်းပြည့်အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှုကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံပေါင်း ၁၄၃ နိုင်ငံက မဲပေးထောက်ခံခဲ့ပေမဲ့ အဓိက အတည်ပြုရမဲ့ လုံခြုံရေးကောင်စီမှာတော့ အမေရိကန်ရဲ့ ဗီတိုအာဏာကို ကျော်ဖြတ်နိုင်ဖွယ်မရှိပါဘူး။
အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ပေးဖို့ ထောက်ခံကြောင်းမဲပေးခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်အားလုံး မဲပေးခွင့်ရှိတဲ့ အထွေထွေညီလာခံမှာ မေ ၁၀ ရက်က မဲခွဲခဲ့ရာမှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိတဲ့အနက် ၁၄၃ နိုင်ငံက ထောက်ခံခဲ့ပြီး ၂၅ နိုင်ငံက ကြားနေခဲ့ကာ ၉ နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။
ဒါကြောင့် ညီလာခံစည်းမျဉ်းအရ “ပါလက်စတိုင်းနိုင်ငံကို အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ပြုဖို့ထောက်ခံကြောင်းနဲ့ ဒီကိစ္စကို လုံခြုံရေးကောင်စီက ထောက်ခံစဉ်းစားဖို့ အကြံပြုကြောင်း” ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်ခဲ့ပါတယ်။
ဆိုလိုတာက နိုင်ငံအားလုံးပါဝင်ခွင့်ရတဲ့ ညီလာခံဟာ ထောက်ခံပေးလို့ပဲရပြီး ဗီတိုအာဏာသုံးတဲ့ ၅ နိုင်ငံရဲ့ အဆုံးဖြတ်ကပဲ အခရာကျနေတာ ဖြစ်ပါတယ်။
ပါလက်စတိုင်းနိုင်ငံဖြစ်မှုကို ကန့်ကွက်ခဲ့တဲ့ ၉ နိုင်ငံထဲမှာတော့ အမေရိကန်နဲ့ အစ္စရေး ကိုယ်တိုင်ပါဝင်ပြီး ကျန် ၇ နိုင်ငံမှာတော့ အာဂျင်တီးနား၊ ချက်၊ ဟန်ဂေရီ၊ မိုက်ခရိုနီးရှား၊ ပါပူအာနယူးဂီနီ၊ နော်ရူးနဲ့ ပါလာအူ ကျွန်းနိုင်ငံလေးတွေပါဝင်ပါတယ်။ ကြားနေတဲ့အထဲမှာ ယူကေ၊ ဂျာမနီ၊ ဩစတြေးလျ၊ ကနေဒါနဲ့ ယူကရိန်းတို့ ပါဝင်ပါတယ်။
Source/Photo - Reuters