Home
နိုင်ငံတကာ
စပမ်းဝေလငါးများ၏ အသံထွက်ဆက်သွယ်မှုကို သိပ္ပံပညာရှင်များ မှတ်တမ်းတင် 
DVB
·
May 10, 2024
wales 1052024

ကမ္ဘာ့သမုဒ္ဒရာကြီးတွေမှာ နေထိုင်တဲ့ ဝေလငါးမျိုးစိတ် အမျိုးမျိုးဟာ မတူညီတဲ့ သံစဉ်တွေနဲ့ အချင်းချင်း ဆက်သွယ်လေ့ရှိကြပါတယ်။

သွားရှိတဲ့ ဝေးလငါးမျိုးစိတ်ထဲမှာ အကြီးဆုံးဖြစ်တဲ့ စပမ်းဝေလငါးတွေကတော့ ကြေးနန်းအချက်ပြ မော့စ်ကုတ်နဲ့ အသံဆင်တဲ့ ကိုဒါလို့ခေါ်တဲ့ ကလစ်ကလစ်အသံတွေသုံးပြီး ဆက်သွယ်ကြပါတယ်။

အရှေ့ကာရေဘီယံပင်လယ်မှာနေတဲ့ စပမ်းဝေလငါးတွေရဲ့ သံစဉ်တွေကို နှစ်ပေါင်းများစွာ လေ့လာအပြီးမှာတော့ သူတို့တွေရဲ့ အသံထွက်အက္ခရာစနစ်ကို ပညာရှင်တွေက မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

သူတို့ဆက်သွယ်မှုဟာ မူလထင်ထားတာထက် ပိုမိုရှုပ်ထွေးပြီး တခြားတိရစ္ဆာန်တွေရဲ့ အချင်းချင်း ဆက်သွယ်မှုစနစ်နဲ့ ဆင်တူတာတွေရှိသလို လူသားဘာသာစကားနဲ့တောင် တူတာတွေရှိတယ်လို့ ဆိုပါတယ်။

တခြားနို့တိုက်သတ္တဝါတွေလိုပဲ စပမ်းဝေလငါးတွေဟာ လူမှုရေးသတ္တဝါတွေ ဖြစ်ကြတဲ့အတွက် သူတို့အချင်းချင်းခေါ်သံက လူမှုရေးအတွက် အရေးပါတယ်လို့ ဆိုပါတယ်။

ပေ ၆၀ အထိရှည်နိုင်တဲ့ စပမ်းဝေလငါးတွေဟာ တိရစ္ဆာန်တွေထဲမှာ ဦးနှောက်အကြီးဆုံးသတ္တဝါ ဖြစ်ပါတယ်။

ရေနက်နက်အထိ ငုပ်နိုင်ပြီး ဧရာမပြည်ကြီးငါးတွေနဲ့ တခြားရေသတ္တဝါတွေကို စားသောက်တတ်ပါတယ်။

CETI သုတေသနအဖွဲ့က ပညာရှင်တွေဟာ အသိဉာဏ်တု AI နည်းပညာပါ အသုံးချပြီး ဝေလငါး ၆၀ ရဲ့ ခေါ်သံတွေကို ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။

ကိုဒါလို့ခေါ်တဲ့ ဝေလငါးခေါ်သံမှာ ကလစ်ကလစ်အသံ အရေအတွက်၊ ရစ်သမ်နဲ့ တမ်ပိုအနိမ့်အမြင့်ပေါ် မူတည်ပြီး မတူညီတဲ့အဓိပ္ပာယ်တွေ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။

လူတွေက အသံတွေကို ပေါင်းစပ်ပြီး အဓိပ္ပာယ်ရှိတဲ့ စကားလုံးတွေ ဖန်တီးကြသလို အဲဒီစကားလုံးတွေပေါင်းပြီး ပိုရှုပ်ထွေးတဲ့ အဓိပ္ပာယ်ရှိတဲ့ စာကြောင်းတွေ ဖန်တီးကြပါတယ်။

စပမ်းဝေလငါးတွေကလည်း ပေါင်းစပ်မှု အဆင့်နှစ်မျိုးနဲ့ ကိုဒါလို့ခေါ်တဲ့ ကလစ်ကလစ်အသံတွေ ပေါင်းစပ်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

အနိမ့်အဆင့်က စကားလုံးဖြစ်အောင် ပေါင်းတာဖြစ်ပြီး အမြင့်အဆင့်က စာကြောင်းဖြစ်အောင် ပေါင်းတာ ဖြစ်ပါတယ်။

ပေါင်းစပ်မှုတွေရဲ့ ဆိုလိုရင်းကိုသာ အတိအကျ ဖော်ထုတ်လာနိုင်ရင် စပမ်းဝေလငါးတွေနဲ့တောင် လူတွေက ဆက်သွယ်လာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013