Home
မြန်မာသတင်း
မတ္တရာမြို့နယ်က နေအိမ် ၂၀ ခန့် မီးရှို့ခံရ၊ ကျိုက်ထိုနှင့် ရေးတွင် စစ်တပ်ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး ခြေဖြတ်ရ
DVB
·
May 10, 2024
army fire village_10052024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ဥဒိန်ရွာ၊ မြွေတဲအုပ်ရွာနဲ့ မြွေကူးတို့ဆိပ်ရွာကို မေ ၉ ရက် မနက်ပိုင်းက  စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ မတ္တရာမြို့နယ် ဒေသခံတွေက ပြောပါတယ်။

ဥဒိန်ရွာသားတဦးက “မနက် ၂ နာရီ လောက်က လက်နက်ကြီး ၂ လုံးကို မတ္တရာမြို့ဘက်က ထွက်လာတဲ့ စစ်ကြောင်းက ပစ်တယ်။ မနက်ခင်း ၅ နာရီလောက်ရောက်တော့ ဥဒိန်ရွာကို စစ်ကြောင်းစဝင်တယ်။ ၇ နာရီ ၁၀ မိနစ်မှာ ဥဒိန်ရွာကို စပြီး မီးရှို့တယ်။ နောက်ထပ် မြွေတဲအုပ်ရွာကို ၈ နာရီ ၄၅ မိနစ်မှာ စရှို့တယ်။ နောက်ပြီးတော့ မြွေကူးတို့ဆိပ်ရွာကတော့ မနက်ခင်း ၇ နာရီကျော်မှာ စရှို့ကြတယ်” လို့ ပြောပါတယ်။

မီးရှို့တာကြောင့် ဥဒိန်ရွာက အိမ် ၁၅ လုံးကျော်၊ မြွေတဲအုပ်ရွာက အိမ် ၂ လုံးနဲ့ တဲတလုံး၊ မြွေကူးတို့ဆိပ်ရွာအနီးက တဲ ၂ လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က ကျေးရွာ ၃ ရွာကို မီးရှို့ပြီး မွန်းတည့် ၁၂ နာရီလောက်မှာ မတ္တရာမြို့ကို ပြန်လည် ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက “ကာကွယ်ရေးတပ်နဲ့တော့ တိုက်ပွဲမဖြစ်လိုက်ဘူး။ အဖမ်းခံရတဲ့သူ ကျား၊ မ ၁၁ ဦးရှိတယ်။ အဲဒီ ၁၁ ဦးကလည်း သူတို့ ပြန်ထွက်သွားတော့ ပြန်လွှတ်ပေးထားခဲ့တယ်” လို့ ပြောပါတယ်။

အဆိုပါကျေးရွာတွေကို စစ်တပ်က အကြိမ်ကြိမ် ဝင်ရောက်မီးရှို့တာကြောင့် ဒေသခံတွေ နေထိုင်စရာမရှိဘဲ နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ သွားရောက်နေထိုင်နေကြရတယ်လို့လည်း သိရပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မေ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သိမ်ဇရပ်အခြေစိုက် အမတ ၃၁၀ မှ မေ ၆ ရက် မနက် ၅ နာရီလောက်မှာ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ၄ လုံးထဲက တလုံးဟာ သိမ်ဇရပ်မြို့၊ ဇီးပြောင်းကျေးရွာထိပ် ရော်ဘာခြံမှာ ကျရောက်ပေါက်ကွဲခဲ့ရာ ရော်ဘာစေးခြစ်နေတဲ့ အသက် ၄၅ နှစ်အရွယ် ဦးသန်းအောင် လက်နက်ကြီးစ ထိမှန်ခဲ့ပါတယ်။

ဦးသန်းအောင်ဟာ ဘယ်ဘက်ခြေဖဝါး ပေါက်ပြဲဒဏ်ရာ၊ ဝမ်းဗိုက်အစဝင်ဒဏ်ရာ၊ ဘယ်ဘက်ခြေသလုံးကြွက်သားနဲ့ ခြေခြင်းဝတ် ပြတ်လုနီးပါးဒဏ်ရာတို့နဲ့ သိမ်ဇရပ်တိုက်နယ် ဆေးရုံမှာ ဆေးကုသမှုခံယူရင်း မေ ၇ ရက် မနက် ၈ နာရီမှာ သေဆုံးခဲ့ပါတယ်။

သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က “တိုက်ပွဲမရှိဘဲ ၄ နာရီ ၂၀ ကနေ ၅ နာရီအထိ အမတ ၃၁၀ ကနေ လက်နက်ကြီး ၄ လုံးပစ်တာ။ အဲ့ထဲက တလုံးက ရော်ဘာခြစ်နေတဲ့ အမျိုးသားတဦးရဲ့ ပေ ၂၀ မှာကျပြီး လက်နက်ကြီးစ ပြင်းထန်ဒဏ်ရာရတာ။ နောက်နေ့တော့ အဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်စခန်းထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင်အတွင်း ကျေးရွာတွေရှိ နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး လူအခွင့်အရေး ချိုးဖောက်နေတာလို့ KNU က ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်ကလည်း သိမ်ဇရပ်အခြေစိုက် အမတ ၃၁၀ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၅ လုံးထဲက တလုံးဟာ သိမ်ဇရပ်မြို့၊ ခရွဲကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့ပေါ်မှာလည်း စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတဦး ခြေထောက်ဖြတ်လိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၅ ရက် မနက်အစောပိုင်းမှာ ရန်မျိုးအောင်ရပ်ကွက်နေ စိတ်ကျန်းမာရေး မကောင်းသူ အသက် ၃၀ ကျော်အရွယ် ကိုဇူးဇူးဟာ အောင်မင်္ဂလာရပ်ကွက်၊ အေးသုခဆေးရုံလမ်းအတိုင်း လမ်းလျှောက်သွားနေချိန် ရဲတပ်ဖွဲ့ လှည့်ကင်းကားက ရောက်လာပြီး တားဆီးရာ ထွက်ပြေးတယ်ဆိုပြီး ပစ်ခတ်ခံခဲ့ရတာလို့ မြို့ခံတယောက်က ပြောပါတယ်။

ကိုဇူးဇူးရဲ့ ညာဘက်ခြေထောက်ဒူးဆစ်မှာ ကျည်ဖောက်ဝင်ဒဏ်ရာရပြီး ရေးဆေးရုံမှာ ကုသခဲ့ပြီး ချက်ချင်းမခွဲစိတ်မိတာကြောင့် အနာက ယမ်းဆိပ်တက်ပြီး ကြီးသွားတာကြောင့် နောက်တရက်မှာ ခြေထောက်ဖြတ်လိုက်ရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

ကိုဇူးဇူးဟာ စိတ်ကျန်းမာရေးမကောင်းတာကြောင့် မြို့တွင်းရပ်ကွက်စုံကို လျှောက်သွားနေတတ်သလို မိသားစုလည်း ချို့တဲ့တာကြောင့် ရေးမြို့ဆေးရုံကြီးမှာ ဆေးကုသဖို့အတွက် ဈေးထဲမှာ အလုပ်လုပ်ကိုင်နေသူတွေ‌က ထောက်ပံ့ပေးနေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်က နယ်ထိန်းရဲတပ်ကြပ် အောင်သူကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းပြီးမှာ အခုလို လှည့်ကင်းရဲတပ်ဖွဲ့ဝင်တွေက အချိန်လွန်တယ်ဆိုပြီး အကြောင်းပြချက်နဲ့ ပစ်ခတ်ခံရတာပါ။

စစ်ကောင်စီက ရေးမြို့နယ်ထဲမှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး အချိန်လွန်ထွက်တဲ့ ဒေသခံပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးတာတွေလည်း ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013