ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ ဗလမင်းထင်တံတားရှိ စစ်တပ် စုပေါင်းစစ်ဆေးရေးဂိတ်ကို ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က မေ ၉ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “နေ့လယ် ၂ နာရီခွဲလောက် စပစ်တာ။ အဲဒီမှာ ရဲ၊ တပ်နဲ့ လဝက ဌာနပေါင်းစုံရှိတယ်။ လက်နက်ကြီးသံတွေ၊ သေနတ်သံတွေ ဆူညံနေတာပဲ။ မြစ်ကြီးနားဘက်ကတောင် မီးခိုးလုံးကြီးတွေ မြင်နေရတယ်” လို့ ပြောပါတယ်။
စုပေါင်းဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီး နှစ်ဖက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု၊ အရပ်သား ထိခိုက်မှုတွေကိုတော့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် မြစ်ကြီးနားမြို့မှ စစ်ကားနှစ်စီးနဲ့ အင်အားဖြည့်တင်းကာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗလမင်းထင်တံတားအဆင်း ဝိုင်းမော်မြို့နယ်ဘက်ခြမ်းမှာရှိတဲ့ စစ်တပ် စုပေါင်းစစ်ဆေးရေးဂိတ်ကို ဧပြီ ၁၁ ရက်ကလည်း ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ပူးပေါင်းတော်လှန်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ ရွှေဘို-မြစ်ကြီးနားကားလမ်း ပိတ်ထားတဲ့အတွက် မော်တော်ယာဉ်အစီးရေ ထောင်နဲ့ချီ ပိတ်မိနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာကြောင့် စစ်ကိုင်းတိုင်းဘက်အခြမ်းနဲ့ ကချင်ပြည်နယ်ဘက်ခြမ်းမှာ ကားအစီးရေ ထောင်နဲ့ချီ ပိတ်မိနေတာပါ။
မြစ်ကြီးနား-မန္တလေး မော်တော်ယာဉ်မောင်းတဦးက “မေ ၅ ရက်ကစပြီး ပိတ်ထားတာ။ ကန့်ဘလူမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေလို့ဆိုပြီး စစ်တပ်ဘက်က ပိတ်လိုက်တာ။ ဘယ်နေ့ထိ ပိတ်မလဲတော့ မသိဘူး။ မေ ၉ ရက်နေ့ မနက်ပိုင်းအထိ ပိတ်ထားတုန်းဆိုတော့ ကားအစီးရေ ထောင်ချီ ပိတ်မိနေတယ်” လို့ ပြောပါတယ်။
မန္တလေးမြို့က တက်လာတဲ့ မော်တော်ယာဉ်တွေကို ကန့်ဘလူမြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားပြီး မြစ်ကြီးနားကဆင်းတဲ့ မော်တော်ယာဉ်တွေကိုတော့ အင်းတော်မြို့နယ်အတွင်း ပိတ်ထားပါတယ်။
ဧပြီလကလည်း မြစ်ကြီးနား-မန္တလေး ကားလမ်းမှာ တိုက်ပွဲတွေဖြစ်တာကြောင့် မော်တော်ယာဉ် ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့ပါတယ်။