မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်မှာရှိတဲ့ ရွှေဥဒေါင်း နှစ်ထပ်ကြိုးဝိုင်းအတွင်းက ရွှေလုပ်ကွက်တွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ငွေကြေးအဆမတန် ကောက်ခံနေတာကြောင့် တနိုင်တပိုင် ရွှေလုပ်ငန်းလုပ်ကိုင်နေသူတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ထဲက သစ်စိမ့်ကုန်း၊ ကျောက်မောနဲ့ အောင်မြေ စတဲ့ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေက ရွှေတူးတဲ့ ပြည်သူတွေထံကနေ ကျပ်ငွေသိန်းနဲ့ချီပြီး ကောက်ခံနေတာ ဖြစ်ပါတယ်။
ဒေသခံတဦးက “အုပ်ကြီးတွေက သူတို့နဲ့ အပိုင်နယ်မြေမှာရှိတဲ့ ရွှေတွင်းတူးတဲ့သူဆို တလ ကျပ်သုံးသိန်း၊ မုံစုပ်တဲ့သူဆို တလ တသိန်းခွဲ၊ ဘတ်ဟိုးစက်မောင်းသမားတွေကို တလ သိန်း ၂၀ တောင်းတယ်။ အဆင်မပြေလည်း ပေးနေရတယ်” လို့ ပြောပါတယ်။
မိုးမိတ်မြို့နဲ့ ၂၄ မိုင်ကျော်အကွာမှာရှိတဲ့ မိုးမိတ်-တွင်းငယ်ကားလမ်း တောင်ဘက် မြို့လယ်ချောင်း (ခ) တုံခါးချောင်းမှာလည်း ရွှေမုံစုပ်သမားတွေ ရှိပါတယ်။
တနိုင်တပိုင် ရွှေမုံစုပ်သမားတွေဟာ စစ်ဘေးရှောင်ပြည်သူတွေ အများဆုံးဖြစ်ပြီး သူတို့တွေဆီကလည်း သက်ဆိုင်ရာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အဓမ္မ ငွေကြေးကောက်ခံနေတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “မြို့လယ်တောင်မှာဆို မုံစုပ်အသေးလေး ၁၁ စိုင်းရှိတယ်။ သစ်စိမ့်ကုန်း ရွာနားမှာပဲ။ ဘက်ဟိုးတွေတူးပြီးလို့ စွန့်ပစ်လိုက်တဲ့ မြေစာတွေကို စစ်ဘေးရှောင် ပြည်သူတွေက ဝမ်းစာအတွက် မုံစုပ်ကြတာများတယ်။ အဲဒါကို အုပ်ချုပ်ရေးမှူးတွေက စစ်တပ်နဲ့ပေါင်းပြီး ငွေကောက်စားနေသလို EAO တွေကလည်း လစဉ်ကြေး နှစ်စဉ်ကြေးတွေ ကောက်နေကြလို့ တချို့ဆို အရှုံးပေါ်ပြီး လုပ်ငန်းရပ်သွားကြတယ်” လို့ ပြောပါတယ်။
အဲဒီရွှေလုပ်ကွက်တွေကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်လှိုင် ကာလက ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်ထိ ပြည်တော်ဝင်ကုမ္ပဏီနဲ့ အေးရှားဝေါလ်ကုမ္ပဏီတို့က ရွှေတူးဖော်ခဲ့ပါတယ်။