ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ဒေါနတောင်ပေါ်မှာ မေ ၉ ရက် မွန်းလွဲ ၂ နာရီလောက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အများအပြား ထိခိုက်ကျဆုံးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူးက DVB ကို ပြောပါတယ်။
ဧပြီ ၁၂ ရက်က စတင်ကာ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကို နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေး အမည်နဲ့ အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် မြဝတီမြို့ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူး ဗိုလ်ကျော်ဟိန်းက “ရန်သူနဲ့ ဒေါနတောင်ပေါ်မှာ တိုက်ပွဲဖြစ်တာ ရန်သူဘက်က အကျအဆုံးများတယ်။ အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေ အင်အားအလုံးအရင်းနဲ့ ဒေါနတောင်ကို ဖြတ်ဝင်လာတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူတွေ၊ ဒရုန်းတွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့ပြီး KNLA ပူးပေါင်းစစ်ကြောင်းတွေဘက်က အတတ်နိုင်ဆုံး ခုခံနေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ကော့ကရိတ်မြို့တွင်းကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးနောက် ဧပြီ ၂၇ ရက်က စတင်ပြီး စစ်ရှောင်ပြည်သူတွေကို မြို့တွင်းမှာ ပြန်လည်နေထိုင်ဖို့ ဖိအားပေးနေပေမဲ့ စစ်ကောင်စီထောက်ခံသူနဲ့ စစ်တပ်အသိုက်အဝန်းက လူတွေလောက်သာ ပြန်လည်နေထိုင်သူရှိတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
ဧပြီ ၂ ရက်ကစပြီး မေ ၉ ရက်အထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၀၀ ကျော် သေဆုံးပြီး ၆၀၀ လောက် ဒဏ်ရာရရှိခဲ့သလို KNLA မဟာမိတ် ပူးပေါင်းစစ်ကြောင်းဘက်က ၂၀ ကျော်ကျဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူးက ပြောပါတယ်။
ဒေါနတောင်ပေါ်တိုက်ပွဲနဲ့ ပတ်သက်ပြီး ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
အောင်ခန့်