Home
မြန်မာသတင်း
မီဇိုရမ်က လေဘေးသင့်စစ်ဘေးရှောင်များ အကူအညီလိုအပ်
DVB
·
May 10, 2024
wind 1052024
wind 5 1052024
wind 4 1052024
wind 3 1052024
wind 2 1052024
wind 1 1052024

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မေလပထမအပတ်အတွင်း မုန်တိုင်း ၄ ကြိမ်တိုက်ခတ်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေ ပျက်စီးခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် အကူအညီပေးနေသူတွေက ပြောပါတယ်။

မေ ၁ ရက်၊ ၂ ရက်၊ ၄ ရက်နဲ့ ၆ ရက်တွေမှာ လေပြင်းတွေ တိုက်ခတ်ခဲ့တာမှာ မီဇိုရမ်ပြည်နယ်အတွင်းက ခရိုင် ၇ ခုမှာ မြန်မာစစ်ဘေးရှောင်စခန်း ၅၄ ခုရှိပြီး လေမုန်တိုင်းကြောင့် စခန်း ၁၇ ခုလောက်က အားလုံးနီးပါးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တဦးက  “ဒီမှာနေတာကြာလာတာနဲ့အမျှ ဒုက္ခတွေအမျိုးမျိုးကြုံနေရတယ်၊ အလုပ်အကိုင် ခက်ခဲတယ်၊ စားဝတ်နေရေး အကျပ်အတည်းတွေ ကြုံနေရတယ်ပေါ့၊ အဓိကက ပညာရေးကျန်းမာရေးကိစ္စတွေ အဆင်မပြေဘူးပေါ့၊ မုန်တိုင်းကလည်း ၄ ကြိမ်တိုက်တယ်၊ ကြိုတင်ပြင်ဆင်မှုလည်း မရှိဘူး မမျှော်လင့်ထားဘူးပေါ့” လို့ ပြောပါတယ်။

လေမုန်တိုင်းကြောင့် စစ်ဘေးရှောင်စခန်းအတွင်းက နေအိမ်တွေ၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ရှောင်နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့နဲ့ ကလေးတွေ ကျောင်းဖွင့်ချိန်အမီ စာသင်ကျောင်းတွေ ပြန်လည်မတည်ဆောက်နိုင်မှာကို စစ်ဘေးရှောင်တွေက စိုးရိမ်နေကြပါတယ်။

အိုင်ဇောခရိုင်အတွင်းက စစ်ဘေးရှောင်တဦးက  “မုန်တိုင်းက တခေါက် ၂ ခေါက်ဆို တော်သေးတယ်၊ မိုးရွာတာနဲ့ မုန်တိုင်းက ပါလာတယ်၊ အိမ်တွေကလည်း ဝါးထရံကာဆိုတော့ အကုန်ပျက်စီးကုန်လို့ အတော်ဒုက္ခရောက်နေရတယ်၊ အခုကတော့ မပျက်စီးတဲ့ အိမ်တွေနဲ့ပဲ ပေါင်းပြီးနေကြတာပေါ့” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ်ရဲ့ တိုက်ပွဲတွေကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ရသူ ၆၀,၀၀၀ နီးပါးရှိနေတယ်လို့ ချင်းရေးရာအဖွဲ့ ရဲ့ အစီအရင်ခံစာအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013