တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးဟာ သူ့ရဲ့ ရာထူးသက်တမ်း ၂ နှစ်အကြာမှာ အစိုးရအဖွဲ့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှု အမှားအယွင်းတွေအတွက် တာဝန်ယူ တောင်းပန်လိုက်ပါတယ်။
တောင်ကိုးရီးယားအစိုးရရဲ့ ပြည်သူ့ဘဝတွေ တိုးတက်ဖို့ ကြိုးပမ်းအားထုတ်မှုတွေဟာ လိုအပ်နေတာထက်ကို အများကြီး ဝေးကွာနေသေးပြီး ပြီးခဲ့တဲ့လက ရွေးကောက်ပွဲမှာ သူ့အာဏာရပါတီ အကြိတ်အနယ်ရှုံးနိမ့်ခဲ့မှုဟာ သူ့ရဲ့ရာထူးသက်တမ်း ၂ နှစ်အတွင်း မဲဆန္ဒရှင်တွေရဲ့ အကဲဖြတ်မှုကို ထင်ဟပ်စေပါတယ်လို့ မေ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဧပြီလ ၁၀ ရက် မဲပေးပွဲမှာ သူ့ရဲ့ ပြည်သူ့အာဏာပါတီက ရှုံးနိမ့်ပြီးနောက်မှာ လပေါင်း ၂၁ လအတွင်း သူ့ရဲ့ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတယွန်းက မှတ်ချက်ပေးခဲ့တာပါ။
ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှုကြောင့် သမ္မတသက်တမ်း တဝက်တောင် မရောက်သေးတဲ့ သမ္မတရာထူးကို ပြန်အဖတ်ဆယ်နိုင်ဖို့ သူ့ရဲ့ခေါင်းဆောင်မှုပုံစံနဲ့ မူဝါဒလမ်းကြောင်းကို ပြောင်းလဲဖို့ တောင်းဆိုခဲ့ကြပါတယ်။
အစိုးရရဲ့ မူဝါဒနဲ့ အားထုတ်မှုတွေကို ရှင်းပြဖို့ ပြည်သူတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေသလို ဖြစ်တာကြောင့် ပြည်သူလူထုနဲ့ လွှတ်တော်တို့ကို ပိုမိုကောင်းမွန်စွာ ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ သူက ကတိပြုခဲ့ပါတယ်။
၂၀၂၂ ခုနှစ်တုန်းက တန်ဖိုးကြီးအိတ်တလုံးကို လက်ဆောင်အဖြစ် လက်ခံခဲ့တဲ့ သမ္မတကတော်ရဲ့ မဖွယ်မရာပြုမူမှု စွပ်စွဲချက်တွေအပေါ် စုံစမ်းစစ်ဆေးပေးဖို့ အတိုက်အခံပါတီတွေက အထူးရှေ့နေတဦး တောင်းဆိုမှုအပေါ် သမ္မတက ကန့်ကွက်လိုက်ပြီး သူ့ဇနီးရဲ့ အဆင်အခြင်မဲ့ လုပ်ရပ်ကြောင့် အများပြည်သူကို စိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
တန်ဖိုးကြီးလက်ကိုင်အိတ် လက်ခံနေတဲ့ ဗီဒီယို ရိုက်ကူးခံရပြီးတော့ နိုဝင်ဘာလမှာ လူသိထင်ရှား ဖြစ်လာခဲ့တဲ့ သမ္မတကတော် ဂင်မ်ဂွန်ဟီးရဲ့ အပြုအမူဟာ ပညာမဲ့ပေမဲ့လည်း အတိုက်အခံတွေရဲ့ တောင်းဆိုမှုဟာ အမှန်တရားကို ထုတ်ဖော်ဖို့မဟုတ်ဘဲ နိုင်ငံရေးအရ တိုက်ခိုက်မှုပဲဖြစ်ကြောင်း သမ္မတက ပြောဆိုပါတယ်။
အဓိကမူဝါဒ တွန်းအားပေးမှုရဲ့ တစိတ်တပိုင်းအနေနဲ့ ‘အမျိုးသားရေးအကျပ်အတည်း’ အခြေအနေလို့ ခေါ်ဆိုကြတဲ့ နိုင်ငံမှာ ကလေးမွေးဖွားနှုန်းက စံချိန်တင် ကျဆင်းပြီး အသက်ကြီးရင့်သူများတဲ့ လူ့အဖွဲ့အစည်းအရေးကို ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရဝန်ကြီးဌာန အသစ်တခုကို ဖန်တီးမှာ ဖြစ်ကြောင်းလည်း သမ္မတ ယွန်းက ပြောကြားခဲ့ပါတယ်။
Source/Photo - Reuters