Home
မြန်မာသတင်း
ရေဦးမြို့ပေါ် ဈေးဝယ်သွားသည့် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
May 9, 2024
YayU_09052024

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကို ဈေးဝယ်သွားတဲ့ အမျိုးသား ၁၀ ဦးကို စစ်ကောင်းစီတပ်က ဒီနေ့ မေ ၉ ရက်‌ မနက် ၈ နာရီကျော်လောက်မှာ ဖမ်းဆီးလိုက်တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်အတွင်း လူငယ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။”

“ဖမ်းတာက အခုမနက်ပိုင်းက ရေဦးမြို့မြောက်ဘက်အထွက် ဟိန်းဆီဆိုင်ဂိတ်နားကနေ လာသမျှ ပြည်သူတွေကို စစ်ဆေးပြီး ဖမ်းနေတာရှင့်။ ကျမတို့ မြင်ရတာက လူငယ် ၁၀ ဦးရှင့်။ ဘာကြောင့်ဖမ်းတာလဲဆိုတော့ အတိအကျမသိဘူး။ ဖမ်းခံရတဲ့သူတွေကတော့ မြို့ပေါ်ရပ်ကွက်က မဖြစ်နိုင်ဘူး။ ကျေးရွာတွေဘက်ကနေ မြို့ပေါ် ဈေးဝယ်သွားတဲ့ ပြည်သူတွေဖြစ်ဖို့များတယ်။ ကျမတို့ကတော့ မိန်းကလေးတွေဆိုတော့ စစ်ဆေးပြီး ပြန်လွှတ်လိုက်တယ်”လို့  ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ စစ်မှုထမ်းဥပဒေ ပြန်လည်အသက်သွင်းပြီးနောက် ဧပြီ ၂၉ ရက် ညပိုင်းကစတင်ကာ ရေဦးမြို့ပေါ် ရပ်ကွက်တွေမှာ အမျိုးသားတွေကို ဖမ်းဆီးနေတာကြောင့် မြို့ပေါ်နေ လူငယ်အများအပြား နယ်ဘက် ကျေးရွာတွေကို ထွက်ပြေးနေထိုင်ကြတယ်လို့ သိရပါတယ်။

“ပေါ်တာဆွဲတယ်လို့ပဲ သိရတယ်။ ဒီကောင်တွေဆီကနေ ဖရဲသီးသတင်း ရထားတာက လူပေါင်း ၁၅၀ လောက် ဖမ်းဆီးမယ်။ ဖမ်းဆီးပြီး နမခကို စစ်သင်တန်းစေလွှတ်မယ်ဆိုတာမျိုး သိထားရတယ်။ အဲဒီ ဖရဲသီးသတင်းကလည်း မှန်တယ်လို့ ပြောရမယ်ပေါ့။ ဧပြီ ၂၉ ရက် နေ့ကနေ ဒီနေ့ မတ် ၉ ရက် နေ့အထိ ရေဦးမြို့ပေါ်က စစ်တပ်က ဖမ်းစီးထားသူ အရပ်သား ၁၀၀ အထိရှိနေပြီ။ ဒီနေ့လည်း ရေဦးမြို့အဝင်ဂိတ်ကနေ အရပ်သားတွေ ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းကြားနေရတယ်။ မနက်ပိုင်းက ဖမ်းတာတော့ ၁၀ ဦးလို့ ကျနော်တို့ ဆီသတင်းပို့ထားပါတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူများဟာ ဘယ်ရွာက ဘယ်သူ တွေဆိုတာလဲကတော့ စုံစမ်းနေတုန်းပါပဲ” လို့ ရေဦးမြို့နယ်ထူးခန့်ဇာ်(အမေ့သား)က ပြောပါတယ်။

ကျေးရွာနေပြည်သူတွေအနေနဲ့လည်း မြို့ပေါ်ကို ဘယ်လိုအကြောင်းရာနဲ့မှ သွားလာခြင်းမလုပ်ကြဖို့ ပြည်သူကာကွယ်ရေးတပ်က အသိပေးထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013