ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ မိုးသက်လေပြင်း တိုက်ခတ်လို့ လူနေအိမ် ၈ လုံး ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဟင်္သာတမြို့နယ်မှာ မေ ၈ ရက်နဲ့ ၉ ရက်တွေက ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် တလုတ္ထော်မြို့ အမှတ် ၅ ရပ်ကွက်၊ ငါးဖားကျေးရွာအုပ်စု၊ ဂျိုးဂေါင်းကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကြီးကျေးရွာအုပ်စု၊ ရှားဖြူကုန်းကျေးရွာအုပ်စု စတဲ့ ကျေးရွာအုပ်စုတွေက လူနေအိမ် ၈ လုံး ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဟင်္သာတဒေသခံ ပရဟိတအဖွဲ့ဝင်တဦးက “မိုးတွေရွာလာပြီး ရုတ်တရက် လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့တာပါ။ ပျက်စီးသွားတဲ့ အိမ်တွေက အစုံပါပဲ။ သွပ်မိုးအိမ်တွေလည်း ပါတယ်။ လေကပြင်းတော့ ပြိုကျတာ ကံကောင်းလို့ လူတွေ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိတာ” လို့ ပြောပါတယ်။
အဲဒီလေပြင်းဒဏ်ကြောင့် ကားလမ်းတွေပေါ်ကို သစ်ပင် အပင်ရေ ၃၀ လောက် လဲကျတာ၊ သစ်ကိုင်းကျိုးကျတာတွေ ဖြစ်ပွားခဲ့ပြီး မြို့ပေါ်လမ်းတွေမှာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မြို့ပေါ်နေ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတဦးက “လေက လေပွေလို စောင့်တိုက်သွားတာ။ မိုးကြောင့် လမ်းမှာ ကားလမ်းချော်တာတွေ ဖြစ်ကုန်တယ်။ အပူရှိန်ပြင်းနေလို့ မိုးရွာတာ ပျော်တယ်၊ လေပါလာတော့ ပျက်စီးကုန်တာပေါ့။ လေကြောင့် သစ်ပင်တွေလဲတယ်၊ သစ်ကိုင်းတွေ ကျိုးကျတယ်။ နေရာတော်များများမှာ ဖြစ်တာ။ လမ်းမကြီးပေါ်မှာဆို လမ်းပိတ်တာတွေ ဖြစ်ခဲ့တယ်။ မြို့အဝင်နားမှာ မနေ့က လမ်းပိတ်တာ နှစ်နာရီဝန်းကျင်လောက် ကြာတယ်။ ဒါတောင် ပူးပေါင်း ဝိုင်းရှင်းကြလို့ သွားလို့လာလို့ အဆင်ပြေတာ” လို့ ပြောပါတယ်။
လေပြင်းဒဏ်ကြောင့် ဟင်္သာတ တရားရုံး၊ ဟင်္သာတ ရဲစခန်း စတဲ့ နေရာတွေအနီးမှာရှိတဲ့ သစ်ပင်ကြီးတွေလည်း လဲကျခဲ့လို့ ပရဟိတအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေ၊ ဒေသခံတွေက ပူးပေါင်းရှင်းလင်းခဲ့ကြပြီး လေဘေးသင့်ဒေသခံတွေဟာ အသိမိတ်ဆွေ မိသားစုတွေအိမ်မှာ ယာယီပြောင်းရွှေ့နေထိုင်နေတယ်လို့ သိရပါတယ်။
အခုလို မိုးရွာ လေပြင်းတိုက်ခတ်မှုမှာ လက်ရှိ အပူဒဏ်ခံစားနေရတဲ့ အချိန်ကာလအတွင်း ဟင်္သာတမြို့နယ်မှာ ပထမဦးဆုံး ရွာသွန်းခဲ့တဲ့ မိုးရွာသွန်းမှု ဖြစ်တယ်လို့ သိရပါတယ်။