ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့ ဝမ်တုံရွာမှာ ပြီးခဲ့တဲ့ မေ ၈ ရက် ညနေက မိုးသက်လေပြင်းကျတာကြောင့် လူနေအိမ်ခြေတွေ ပျက်စီးခဲ့ပြီး သက်တမ်းရင့် သစ်ပင်ကြီးနဲ့ သီးပင်စားပင်တွေ လဲပြိုကုန်တယ်လို့ သိရပါတယ်။
မေ ၈ ရက် ညနေ ၆ နာရီနဲ့ ၇ နာရီကြား မိုးရောလေပါတိုက်ခတ်လာကြောင်း၊ လေတိုက်နှုန်းမှာ ၁ နာရီမိုင် ၁၀၀ ခန့်ရှိနိုင်ပြီး ရွာဦးကျောင်းအပါအဝင် ဝမ်တုံတရွာလုံးနီးပါး နေအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဝမ်တုံ ဇေယျသုခကျောင်းတိုက်ဆရာတော်က ဒီဗွီဘီကို မိန့်ပါတယ်။
“မိုးနဲ့လေက အရမ်းကြမ်းတယ်၊ ဆရာတော်ကျောင်းတိုက်က ဆွမ်းချက်ဆောင်နဲ့ ဇရပ်ပျက်စီးတယ်၊ ရွာမှာ အိမ်ခြေ ၄၇ လုံးရှိတာ ၁၃ လုံးက ခေါင်မိုးနဲ့ တုတ်တန်းတွေ လေထဲ လွင့်ပါပျက်စီးပြီး ကျန်တဲ့အိမ်တွေကတော့ အနည်းအကျဉ်းထိခိုက်တယ်၊ စပါးကျီတွေ မီးဖိုချောင်တွေ ပျက်စီးတယ်။”
ဒါ့အပြင် သက်တမ်းရင့်သစ်ပင်ကြီးတွေအပါအဝင် သီးပင်စားပင်၊ လမ်းဘေး သစ်ပင်ပေါင်း ၁၀၀ ကျော်လဲပြိုခဲ့ကြောင်း၊ ပိန္နဲသီး၊ သရက်သီး စတဲ့ နှစ်ရှည်ပင်လဲပြိုပြီး အသီးတွေကြွေကုန်တယ်လို့ ဆိုပါတယ်။
သဘာဝဘေးဒဏ်သင့်နေတဲ့ အဆိုပါရွာကို ဘယ်သက်ဆိုင်ရာအဖွဲ့အစည်းကမှ လာရောက်ကူ ညီတာမရှိသေးဘဲ ကိုယ့်အားကိုယ်ကိုး ပြန်လည်ထူထောင်နေရကြောင်း၊ လမ်းမပေါ်လဲနေတဲ့ သစ်ပင်ကြီးတွေကို ရဟန်းသံဃာနဲ့ ရွာသားတွေ ဝိုင်းဝန်းရှင်းလင်းနေပြီး ပုံမှန်သွားလာနိုင်ဖို့ ၁၅ ရက်လောက် ကြာမြင့်နိုင်တယ်လို့ ဆရာတော်က မိန့်ပါတယ်။