ထိုင်းတောင်ပိုင်း၊ ရနောင်းမြို့မှာ တရားမဝင် ဝင်ရောက်တည်းခိုနေထိုင်တဲ့ မြန်မာသံဃာ ၄ ပါး ဖမ်းဆီး လူဝတ်လဲခံရတယ်လို့ ရနောင်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ရနောင်းမြို့၊ ဘန်ရင်းအုပ်စု၊ ဆဖန်းပလာ၊ ဖရူမ်းအားရွန်းကျောင်းတိုက်မှာ မသင်္ကာဖွယ် သံဃာတွေ လာရောက်တည်းခိုနေကြောင်း တိုင်ကြားချက်ရတဲ့အတွက် ရနောင်းခရိုင် လဝကရဲ တပ်ဖွဲ့၊ မြို့နယ်သံဃမဟာနာယကအဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေဟာ အဆိုပါ ကျောင်းတိုက်ကို ပြီးခဲ့တဲ့ မေ ၈ ရက်က သွားရောက်စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးချက်အရ ကျောင်းတိုက်မှာ သံဃာ ၁၃ ပါးသီတင်းသုံးနေပြီး အဲဒီထဲမှာ ထိုင်းသံဃာ ၆ ပါး၊ မြန်မာသံဃာ ၇ ပါး ပါဝင်ကာ ၄ ပါးက နေထိုင်ခွင့် အထောက်အထား တစုံတရာမရှိတဲ့အတွက် ဥပဒေအရအရေးယူဖို့ လူဝတ်လဲလိုက်တယ်လို့ ဆိုပါတယ်။
လူဝတ်လဲခံရသူ ၄ ဦးကတော့ ဦးအောင်သူ (၅၃ နှစ်)၊ ဦးကိုနိုင် (၄၀ နှစ်) ၊ ဦးကိုလှိုင် (၆၀ နှစ်) နဲ့ ဦးကျော်ရဲ (၂၁ နှစ်) တို့ ဖြစ်ကြတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source/photo: God Reporter