ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့မှ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခံနေရပြီး တန်ဖိုးကြီး ပစ္စည်းတွေကို ခိုးယူခံနေရတယ်လို့ မြို့ခံစစ်ရှောင်တွေက ပြောပါတယ်။
ရမ်းဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်နေကြတဲ့ မြို့ခံတွေ နေအိမ်အားလုံးနီးပါးကို ဖောက်ထွင်းခိုးယူသွားတယ်လို့ လောင်းချောင်းရပ်နေစစ်ဘေးရှောင်တဦးက ပြောပါတယ်။
"တိုက်ပွဲဖြစ်လို့ကျမတို့က စစ်ဘေးရှောင်နေရတာ။ ခိုးတဲ့သူတွေအကြိုက်ဖြစ်သွားတာပေါ့။ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေပဲ ခိုးယူသွားတယ်။ ကိုယ့်လူမျိုးအချင်းချင်း ပြန်ပြီး ခိုးနေတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။ ဒုက္ခရောက်တာက အားလုံးရောက်ကြတာပဲ။ လက်ရှိမြို့ထဲမှာ အဖွဲ့အစည်းနဲ့ သူခိုးတွေပဲ ရှိတာလေ။ ကင်းပုန်းဝပ်ပြီး ထိထိရောက်ရောက် ကိုင်တွယ် စေချင်ပါတယ်။ မဟုတ်ရင် မိအေးနှစ်ခါနာတဲ့အဖြစ်မျိုးဖြစ်နေပြီ။”
အခုလို နေအိမ်တွေ ဖောက်ထွင်းခံရတာကြောင့် တော်လှန်ရေးအလွန် ပြန်လည်ထူထောင်ရေး ကာလကျရင် ကျောထောက်နောက်ခံမရှိတဲ့ ဒေသခံတွေအနေနဲ့ နေထိုင်ရပ်တည်ရေးအတွက် အခက်အခဲတွေရှိလာမှာကို စိုးရိမ်နေကြကြောင်း မြို့ခံစစ်ရှောင်တွေထံက သိရပါတယ်။
ရမ်းဗြဲမြို့ကင်းတဲရပ်မှ စစ်ရှောင်တဦးက "မြို့ကထွက်လာတာ ၄ လကျော်ပြီ။ ကျနော်တို့ အိမ်ကတော့ လက်နက်ကြီးကျပြီး မီးလောင်သွားလို့ တခါပဲစိတ်ဆင်းရဲရတာ။ မဟုတ်ရင် နေ့တိုင်း စိတ်ဆင်းရဲနေရဖို့။ တချို့မြို့က ပြန်လာတဲ့လူတွေပြောတာတော့ လေးငါးယောက် လောက်ဖမ်းမိထားပြီးအပြစ်ပေးထားတယ်လို့ပြောတယ်။ တမြို့လုံးအိမ်က ပစ္စည်းတွေကုန်နေပြီ။ အိမ်ထရံပျဥ်ချပ်တွေပါမရှိတော့ဘူး" လို့ ပြောပါတယ်။
ရမ်းဗြဲစစ်ဘေးရှောင်နေအိမ်တွေ ဖောက်ထွင်းခံရမှုနဲ့ပတ်သက်ပြီး မြို့စောင့်တာဝန်ရှိသူတွေကို DVB က ဆက်သွယ်ခဲ့ရာမှာ ဖုန်းလိုင်းအခက်ခဲကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ရမ်းဗြဲမြို့မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ AA တို့ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာက သုံးလအကြာ အခုနှစ် မတ် ၁၁ ရက်မှာ AA ဘက်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ရမ်းဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်ရာနဲ့ချီမီးလောင်ပျက်စီးခဲ့ရပြီး ဆေးရုံ၊ စျေး၊ စာသင်ကျောင်းနဲ့ နှစ်ပေါင်းရာချီသက်တမ်းရှိ သာသနိကအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
photo - Yambye Group