Home
မြန်မာသတင်း
တောင်ပိုင်းတိုင်းစစ်ဒေသအတွက် အရေးပေါ်လိုအပ်နေသည့် မော်တော်ယာဉ် ၁ စီးကို Accurate အဖွဲ့ လှူဒါန်း
DVB
·
May 9, 2024
Accurate_09052024

ရှေ့တန်းစစ်မြေပြင်မှာ အရေးပေါ်လိုအပ်နေတဲ့ မော်တော်ယာဉ် ၁ စီးကို Accurate ( အမှားကင်းသော မဟာမိတ်အဖွဲ့) အဖွဲ့က မေ ၉ ရက်ညနေမှာ လှုဒါန်းပေးခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၃၁ စစ်ဗျူဟာ၊ ဒုတိယစစ်ဆင်ရေးမှူးရုံး ထောက်ပို့တာဝန်ခံ ကိုသုံးညသစ်က ပြောပါတယ်။

ဧပြီ ၁၂ ရက်နေ့ကစတင်ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးက အာရှလမ်းမနဲ့ ဒေါနတောင်ခြေ တဝိုက်မှာ စစ်ကောင်စီက နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးအမည်နဲ့ အင်အားအလုံးအရင်း သုံးပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်တွေကို အချိန်မီ ဆေးဝါးကုသမှုခံယူနိုင်ဖို့နဲ့ ရိက္ခာသယ်ယူရေးအတွက် အရေးပေါ်လိုအပ်နေတဲ့ မော်တော်ယာဉ် ၁ စီးကို Accurate (အမှားကင်းသော မဟာမိတ်အဖွဲ့) က စုပေါင်းပြီး ထိုင်းဘတ်ငွေ ၂ သိန်းတန်ဖိုးရှိတဲ့ မော်တော်ယာဉ် ၁ စီးကို ပေးအပ်လှုဒါန်းခဲ့တာပါ။

တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၃၁ စစ်ဗျူဟာ၊ ဒုတိယစစ်ဆင်ရေးမှူးရုံး၊ ထောက်ပို့တာဝန်ခံ ကိုသုံးညသစ်က “ကော့ကရိတ်စစ်မြေပြင်ကနေ ဒဏ်ရာရသွားပြီဆိုရင် လူနာကို ဆေးကုသမှုရနိုင်မယ့် အနီးဆုံးနေရာကို ပို့နိုင်ရေးမှာလည်း ကားအကြိုအပို့ ခက်ခဲတာကို တွေ့ရတယ်။ အခက်အခဲတွေပြေလည်စေဖို့ ကားအထောက်အကူပြုနိုင်လို့ရှိရင် တချို့အခက်အခဲတွေ ပြေလည်မယ်လို့ တွေးမိပြီး ကျနော်တို့မဟာမိတ်အဖွဲ့တွေ ဝိုင်းကြိုးစားပြီး ရအောင်လုပ်ပေးလိုက်တာ” လို့ ပြောပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသကနေပြီး ရှေ့တန်းစစ်မြေပြင်အထိ ရိက္ခာပို့ဆောင်ရာမှာ လမ်းခရီး ကြမ်းတမ်းတာကြောင့် ဖိုးဝှီးယာဉ်အမျိုးအစားနဲ့မှသာ အဆင်ပြေနိုင်တာကြောင့် အခုလို လှူဒါန်းဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။

တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၃၁ စစ်ဗျူဟာ၊ ဒုတိယစစ်ဆင်ရေးမှူးရုံး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒုတိယစစ်ဗျူဟာမှူး ကိုယ်ရေးအရာရှိ ဗိုလ်မင်းက “ကျနော်တို့ ရှေ့တန်းစစ်မြေပြင်အတွက် မော်တော်ယာဉ်က လိုအပ်နေတာ။ လက်ရှိစစ်ဆင်ရေးအတွင်းမှာလည်း ဘက်စုံကဏ္ဍာမှာ အသုံးပြုသွားမှာ” လို့ ပြောပါတယ်။

ဧပြီ ၁၂ ရက်နေ့ကစပြီး မေ ၇ ရက်နေ့အထိ  စစ်ကောင်စီတပ်ဘက်က ၃၀၀ နီးပါးသေဆုံးပြီး ၆၀၀ လောက် ဒဏ်ရာရရှိခဲ့ကာ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဘက်က ၂၀ ကျော်ကျဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူးဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013