Home
မြန်မာသတင်း
မွန်-ကရင်နယ်စပ်က  စစ်ဘေးရှောင်များ နေရပ်ပြန်ရန် စစ်ကောင်စီတပ်က ဖိအားပေး
DVB
·
May 8, 2024
Karen-IDP

မွန်-ကရင်နယ်စပ်က စစ်ရှောင်ပြည်သူတွေ သက်ဆိုင်ရာ ကျေးရွာတွေမှာ ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့နဲ့  မနေထိုင်ရင် စစ်ကောင်စီတပ်ဘက်က ဒီထက်ဆိုးဝါး အောင်လုပ်ဆောင်သွားမယ်လို့ ဖိအားပေးပြောဆိုလာတယ်လို့ မွန်ဖက်ဒရယ်ကောင်စီ (MSFC) လူသားချင်းစာနာထောက်ထားမှုနှင့် ကယ်ဆယ်ရေးဌာနမှူးက DVB ကို ပြောပါတယ်။ 

မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေပူးပေါင်းပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာနဲ့ မြေပြင်ကနေ သံချပ်ကာကားတွေသုံးပြီး   အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။

ဧပြီ ၂၅ ရက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာကို စစ်ကောင်စီ တပ်တွေက ဝင်ရောက်ပြီး ကော့ဘိန်းရဲစခန်းကို ပြန်လည်သိမ်းယူခဲ့ပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ရှောင်နေအိမ်တွေမှာ ဝင်ရောက်တပ်စွဲနေတဲ့အပြင် စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ ဖိအားပေးခေါ်ယူနေပါတယ်။

MSFC ဌာနမှူး  မိဆုတဂျိုက “စစ်‌ရှောင်တွေက အထူးသဖြင့် စကစတပ်က ရွာတွေက လုံးဝထွက်သွားတဲ့အချိန်မှာပြန်ချင်ကြတယ်။ ထွက်သွားပေးဖို့ စစ်ရှောင်တွေက တောင်းဆိုတယ်။ ပြန်မနေရင် ဒီထက်ဆိုးဝါးအောင် လုပ်ဆောင်သွားမယ်လို့ စကစက ဖိအားပေး ပြောဆိုတာတွေရှိတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက ဖိအားပေးပြန်လည်ခေါ်ယူနေပေမယ့်  မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသ၊ မင်းရွာ၊ သံက‌လောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ် စတဲ့ကျေးရွာက အိမ်ခြေ ၂၀၀၀၀ ကျော်၊ ဒေသခံ ၁ သိန်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်ဆဲဖြစ်ပါတယ်။

ဒါအပြင် စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်ကပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖျက်ဆီးတာ၊ ခိုးယူတာတွေရှိတယ်လို့ မွန်ဖက်ဒရယ်ကောင်စီ (MSFC) လူသားချင်းစာနာထောက်ထားမှုနှင့် ကယ်ဆယ်ရေးဌာနမှူးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက် ပြန်လည်စိုးမိုးထားတဲ့အပြင် နေ့တိုင်းလိုလို လေကြောင်းကနေ  MI 35 နဲ့  လာရောက်ပစ်ခတ်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ရှေ့တန်းသတင်းရင်းမြစ်တဦးက “MI 35 နဲ့  လာပစ်သွားတယ်။ အမြဲတမ်းသူတို့က ခြိမ်းခြောက်ပြီး လာပစ်တာရှိတယ်။ Y 12 ၊  MI 35နဲ့ အမြဲတမ်းဖြတ်နေတယ်။ ပြီးတော့ မယ်ခိုနဲ့ ကော့ဝမ်းကြားမှာ သွားလာလှုပ်ရှားနေပြီး သံချပ်ကာ၊ ရေကြောင်း၊ လေကြောင်းတွေနဲ့ နယ်မြေစိုးမိုးထားတယ်။ ပြီးရင်   စစ်‌ကြောင်းထိုးလာနိုင်တဲ့ အစီအစဉ်ရှိနိုင်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီးနောက်ပိုင်း ပစ်ခတ်ခံရတာ၊ ဖမ်းဆီးသတ် ဖြတ်ခံခဲ့ရသူ သံကလောင်ကျေးရွာကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် ပြည်သူ ၃၀ ကျော်ရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ မတ် ၂၅ ရက်က စတင်ပြီး စစ်ကောင်စီက စစ်သင်္ဘော၊ မြေပြင်လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်  ဓမ္မသကျေးရွာအပါအဝင် အနီးအနားကျေးရွာက အိမ်ခြေ ၅၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ဒါအပြင်  စစ်ကောင်စီက ခရုံဂူလမ်းဝကနေ ရမ္မာဝတီကားလမ်းတလျှောက်ကို ထိန်းချုပ်ထားပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013