ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ် မြန်မာနယ်စပ်အနီးမှာ စိတ်ကြွဆေးပြား ၃ သိန်းနီးပါး ဖမ်းဆီးရမိတယ်လို့ Maesai Press သတင်းမှာ ဖော်ပြပါတယ်။
မေ ၇ ရက်က ထိုင်းမူးယစ်ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်နဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေစဉ် မဲ့အိုင်းမြို့နယ် ထာ့ဒွန်း အုပ်စုဘန့်ဟွေ့ပူကျေးရွာ ဘုန်းကြီးကျောင်း အနောက်ဘက်တောလမ်းကနေ မီးခိုးရောင်ဆလွန်းကားတစီး ဝင်လာပါတယ်။
အဆိုပါကားမှာ နံပါတ်ပြားတပ်မထားတဲ့အပြင် မသင်္ကာဖွယ်ရာရှိတဲ့အတွက် တာဝန်ရှိသူတွေက တားဆီးစစ်ဆေးရာမှာ ကားနောက်ဖုံးခန်းထဲကနေ စိတ်ကြွဆေးပြားတွေထည့်ထားတဲ့ အိတ် ၂ လုံးကို တွေ့ရှိခဲ့တာပါ။
စိတ်ကြွဆေးပြားမှာ WY အမှတ်တံဆိပ်ရှိပြီး စုစုပေါင်း ၂၉၆,၀၀၀ ရှိကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ နိုင်းဝိချိုင်း (အသက် ၃၀ နှစ်) ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ထိုင်းမြောက်ပိုင်းမှာ နေ့တိုင်းလို မူးယစ်ဆေးဝါး သိန်းနဲ့ချီ ဖမ်းဆီးရမိနေပြီး မေ ၆ ရက်ကလည်း ချင်းရိုင်းခရိုင် ကျိန်းဆဲန်မြို့နယ် ရွှေတြိဂံဒေသ မြန်မာနယ်စပ် နမ့်ဟုတ်ချောင်းဘေးကနေ စိတ်ကြွဆေးပြား ၈ သိန်းနဲ့ မေ ၅ ရက်က ချင်းမိုင်ခရိုင် ဖှန်မြို့နယ် မွမ့်ပင်အုပ်စု လက်ဖက်ခင်းထဲ ဖြတ်မောင်းလာတဲ့ ဆိုင်ကယ် ၂ စီးပေါ်ကနေ စိတ်ကြွဆေးပြား ၂ သိန်း ဖမ်းမိခဲ့ပါတယ်။
ဆိုင်ကယ်မောင်းသူ ၂ ဦးမှာ တဦးက နိုင်ငံမဲ့ပန်းရောင်ကတ် ကိုင်ဆောင်ထားပြီး နောက်တဦးက ထိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source/Photo- Maesai Press