တိုင်းနဲ့ပြည်နယ်အချို့မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေ၊ စားနပ်ရိက္ခာ၊ အမိုးအကာ အကူအညီတွေ လိုအပ်နေသလို တိုက်ပွဲတွေအတွင်း ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိတာနဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် သေဆုံး ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။
ကရင်နီပြည် စစ်ရှောင်စခန်းတချို့မှာ ရေအလှူရှင်တွေရှိပေမဲ့ စစ်ဘေးရှောင်ပြည်သူ များတာကြောင့် သောက်သုံးရေ ဝယ်ယူသုံးစွဲနေရပြီး အခက်အခဲ ကြုံနေကြပါတယ်။
ကရင်နီပြည်နယ်ဟာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက ရေရှားပါးတဲ့ဒေသဖြစ်ပြီး မိုးရာသီမှာ ရတဲ့ရေကို ရေလှောင်ကန်တွေနဲ့ တနှစ်ပတ်လုံး အသုံးပြုကြတာ များတယ်လ်ု့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆို မြို့နယ်တွေမှာ ပြည်သူတွေ စစ်ဘေးရှောင်လာကြပြီး စစ်ရှောင်ကာလ ၃ နှစ်အထိ ရှိလာတဲ့အခါ သောက်သုံးရေ အခက်အခဲတွေက ကြီးမားလာတယ်လို့ စစ်ရှောင်အရေးကူညီပေးသူတွေက ပြောပါတယ်။
သောက်သုံးရေတွေကို လိုက်လံဝေမျှတာတွေ ဆက်တိုက်ပြုလုပ်နေပေမဲ့ စစ်ရှောင်စခန်း အရေအတွက်နဲ့ စစ်ရှောင်ပြည်သူ များပြားတာကြောင့် ရေပြတ်လပ်မှုရှိနေပြီး ပြည်သူတွေက စခန်းမှာရှိတဲ့ တဲအိမ်တွေကနေ ငွေကောက်ခံပြီး ရေကို ဝယ်ယူသုံးစွဲနေတယ်လို့ သိရပါတယ်။
“အလှူရှင် ရေလာလှူတဲ့အခါ ထမင်းချက် ဟင်းချက်အတွက်ပဲ အဓိကသုံးတာပေါ့။ အလှူရှင် တအားနည်းပါးလာတဲ့အခါ ချောင်းရေရှိတဲ့နေရာကို ဆိုင်ကယ်ဖြစ်ဖြစ် ခြေလျင်ဖြစ်ဖြစ် ရေသွားချိုးရတာမျိုးပေါ့နော်။ အလှူရှင်ပေးတာက ချက်ပြုတ်ဖို့ပဲ အဓိကပေါ့” စစ်ဘေးရှောင် ဦးလေးရှို့က ပြောပါတယ်။
ရေကို ဝယ်ယူသုံးစွဲတဲ့အခါ ထော်လာဂျီနဲ့ ရေကားတစီးကို ၁၅,၀၀၀ ကျပ်ကနေ ၂၅,၀၀၀ ကျပ်၊ ဂါလန် ၁,၀၀၀ ဆံ့ ရေကားတစီးကို ၄၅,၀၀၀ ကျပ်ကနေ ၅၅,၀၀၀ ကျပ်၊ ဂါလန် ၂,၀၀၀ ဆံ့ ရေကားတစီးကို ၅၅,၀၀၀ ကျပ်ကနေ ၇၀,၀၀၀ ကျပ်အထိ နေရာပေါ်မူတည်ပြီး ဈေးနှုန်းကွဲပြားမှု ရှိတယ်လို့ သိရပါတယ်။
ရေကို ဝယ်ယူသုံးစွဲရတဲ့အခါ တအိမ်ကို တလ ငွေကျပ် ၂၀၀၀ နှုန်းကောက်ခံတာ၊ ငွေကြေးတတ်နိုင်သူတွေက ငွေစိုက်ပေးတာ၊ ချေးငှားရတာတွေ ပြုလုပ်ရတယ်လို့ ဆိုပါတယ်။
ကိုလွမ်း (Karenni Hope) က “ဘုံကန်မှာဆိုရင်တော့ တရက်ကို ရေပုံးဝါ နှစ်ပုံးခပ်ခွင့်ရှိတယ်။ ဒါသုံးရေပဲ၊ ရေမချိုးကြဘူး။ သုံးလေးရက်နေမှ တခေါက် ချိုးကြတာလည်း ရှိတယ်။ ရေထွက်တွေမှာ သွားချိုးတာလည်းရှိတယ်။ ဘုံကန်မှာလည်း လူဦးရေ များရင် များသလိုပေါ့ ရေအပြည့်ထည့်ထားပေမဲ့လည်း တပတ် ဆယ်ရက်လောက်ပဲ သုံးရတယ်ဗျ” လို့ ပြောပါတယ်။
“ကျမတို့က ငွေအင်အားလည်းမတတ်နိုင်ဘဲ ခက်ခက်ခဲခဲ ဝယ်ရတဲ့အခါကျတော့ ရေကို ချွေတာသုံးစွဲနေရတဲ့အတွက် အခက်အခဲအများကြီးရှိတယ်။ အလှူရှင်ကလည်း အမြဲတမ်းတော့ မလာနိုင်ဘူးပေါ့။ သူတို့လည်း သုံးလေးလမှ တခါလာတာလည်း ရှိတယ်။ စစ်ရှောင်စခန်းကလည်း များတော့ မလောက်နိုင်တော့ဘူးပေါ့” မဇင်မာညိုက ပြောပါတယ်။
ရေထွက်တွေကနေ ရေထွက်တဲ့နှုန်းကလည်း ပိုမိုနည်းလာတာကြောင့် အခက်အခဲနဲ့ ကြုံနေရတဲ့ စစ်ရှောင်စခန်း အများအပြားရှိနေပါတယ်။ ဒီးမော့ဆို အနောက်ခြမ်းမှာ စစ်ရှောင်စခန်း ၅၀ ကျော်အထိ ရှိနေပြီး စစ်ရှောင်ကာလ ကြာတာနဲ့အမျှ စားဝတ်နေရေး၊ မိုးကာ နဲ့ သောက်သုံးရေ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
မေ ၈ ရက်ကတော့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ခေါင်းဘာ စစ်ရှောင်စခန်း ၁ မှာ ရိက္ခာခြောက်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ ချယ်ရီလေးများရဲ့ အိမ်ပြန်ချိန်က တာဝန်ရှိသူက ပြောပါတယ်။
“အစက ဆန်လှူမလို့လုပ်ထားတာ၊ သူတို့က ရိက္ခာခြောက်တွေ ငါးခြောက်ငါးခြမ်း မစားရတာ ကြာပြီ။ ဝယ်စားဖို့လည်း မလွယ်ဘူးဆိုတာနဲ့ ရိက္ခာခြောက်တွေ လှူဖြစ်သွားတာပါ။ သူတို့ စစ်ရှောင်စခန်းက လူဦးရေလည်းများတယ်။”
ခေါင်းဘာ စစ်ရှောင်စခန်း ၁ က ဒေါငံခါးရပ်ကွက်ကနေ စစ်ရှောင်လာကြကာ အိမ်ခြေ ၈၀ ထိရှိပြီး လူဦးရေ ၃၈၀ ကျော် နေထိုင်ကာ သက်ကြီးရွယ်အို၊ မသန်စွမ်းနဲ့ ကလေးငယ် အရေအတွက် ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
နေရပ်ပြန်ပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်ဖို့၊ နေထိုင်ဖို့အတွက် မြေမြှုပ်မိုင်းအန္တရာယ်နဲ့ စစ်ကောင်စီတပ်ရဲ့ ၄၂၇ တပ်ကြောင့် မပြန်ရသေးဘူးလို့ သိရပြီး စစ်ရှောင်နေချိန်မှာလည်း တလကို တရက် အလုပ်ရဖို့မလွယ်ဘူးလို့ ဆိုပါတယ်။
“ကျမတို့ စစ်ရှောင်စခန်းက ပထမဦးစားပေး လိုအပ်ဆုံးကတော့ စားနပ်ရိက္ခာပေါ့၊ နောက် မိုးရွာလာတော့မှာ ဆိုတော့ မိုးကာက မလုံတာ အများကြီးပဲ။ လိုအပ်တာတွေကတော့ အများကြီးပဲ။ လူဦးရေများတဲ့ အိမ်ဆိုရင် ထမင်းနှစ်နှပ်၊ တနှပ်ပဲစားတာတွေလည်းရှိတယ်” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းကျော်ထိရှိနေပြီး စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ မိုးကာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တောင်ဘက်ခြမ်း ရွှေကတော်ရွာနဲ့ ကျွဲဆွဲရွာမှာ စစ်ကောင်စီ တပ်သားတွေက ဂိတ်ဖွင့်ပြီး အထိုင်ချတပ်စွဲထားတဲ့အတွက် အနီးဝန်းကျင်က အရပ်သား ၁ သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၆ ရက်ကတည်းက ကန့်ဘလူမြို့နယ်ဘက်ကနေ တန့်ဆည်မြို့နယ်ကို ဝင်ရောက်လာတဲ့ ခမရ-၃၆၁ က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးပူးပေါင်းအင်အား ၁၀၀ လောက်က မေ ၄ ရက်မှာ တန့်ဆည်မြို့နဲ့ တောင်ဘက်ခြမ်းအနီးဆုံးမှာရှိတဲ့ ရွှေကတော်ရွာနဲ့ ကျွဲဆွဲရွာတို့ကို အဖွဲ့ ၅ ဖွဲ့ခွဲပြီး ဂိတ်ဖွင့်လိုက်တာဖြစ်ပါတယ်။
“ဒီစစ်ကြောင်းက ဒီလအစပိုင်း ကန့်ဘလူနယ်ထဲကနေ တန့်ဆည်မြို့ပေါ်ဝင်ရောက်လာတဲ့ စစ်ကြောင်းတခုပါပဲ၊ ဂိတ်ဖွင့်လိုက်တာ ဒီနေ့နဲ့ဆို ၅ ရက်မြောက်ရှိပြီ၊ ရွာတွေကို စီးနင်းဝင်တာတော့ မရှိသေးဘူး၊ ကျနော်တို့ ခန့်မှန်းရသလောက်တော့ အခုလို အထိုင်ချ ဂိတ်ဖွင့်လိုက်တာဟာ အနီးဝန်းကျင်ရွာတွေကို အငိုက်ဝင်ရောက်ပေါ်တာဆွဲဖို့ အထိုင်ချတာ ဖြစ်နိုင်တယ်” လို့ ရေဦးမြို့နယ် အခြေပြု People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောပါတယ်။
စစ်ကောင်စီတပ်ဂိတ်ကြောင့် တန့်ဆည်မြို့နယ်က သရက်ကွ၊ မှန်ချိုင်၊ ပိန္နဲကုန်း၊ တောင်စွန်း၊ အင်တိုင်း၊ စီးကြီး၊ တနယ် စတဲ့ကျေးရွာတွေက ပြည်သူ ၁ သောင်းကျော်ဟာလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး အကူအညီ လိုအပ်နေပါတယ်။
ထူးခန့်ဇော်(အမေ့သား)က “မြို့နဲ့အနီးဝန်းကျင်ရွာတွေကတော့ စစ်ကြောင်းမထွက်လည်း အရင်ကတည်းက ရှောင်ကြတဲ့ ပြည်သူတွေလည်း ရှိတယ်၊ အခုလို ဒီရွာ ၂ ခုကို လာပြီး အထိုင်ချလိုက်တော့ ပိုဆိုးတာပေါ့၊ စားရေးသောက်ရေးခက်ခဲကြတယ်” လို့ ပြောပါတယ်။
ဒေသခံပြည်သူတွေဟာ အနီးဝန်းကျင်ကျေးရွာတွေဘက် တိမ်းရှောင်နေကြရပြီး ရာသီဥတု အပူဒဏ်ကြောင့် ဖျားနာရောဂါတွေဖြစ်ပွားနေပြီး စားနပ်ရိက္ခာလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေဟာလည်း ထောက်ပံ့မှုမရရှိတဲ့အတွက် အထွေထွေအခက်အခဲတွေ ကြုံနေရပါတယ်။
ဝက်လက်မြို့နယ် ရှိန်းမကားကျေးရွာက ပြည်သူ ၂၀၀၀ နီးပါးဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ရှိန်းမကား ကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ကတည်းက စစ်ဘေးတိမ်းရှောင်နေကြရတာ ၅ လနီးပါးရှိပြီဖြစ်ပါတယ်။
“လှူတဲ့သူတွေကလည်း တခါတလေလာပါတယ်၊ တရက်စာ နှစ်ရက်စာလေးတွေပေးကြတော့ မလုံလောက်ဘူးပေါ့။ ရှိန်းမကားက ရွာကြီးဆိုတော့ အထိုင်စခန်းရှိနေတော့ ရှိတဲ့လူ အကုန်ထွက်လာရတာ၊ စခန်းကလည်း အခုချိန်ထိမသိမ်းရသေးတော့၊ ရွာကလည်းကပ်လို့မရဘူး။ တော်လှန်ရေးသမားတွေနဲ့လည်း တိုက်ပွဲတွေက ခဏခဏဖြစ်နေတာ” လို့ စစ်ဘေးရှောင် အကူအညီပေးနေသူတဦးက ပြောပါတယ်။
စစ်ရှောင်တွေဟာ အင်ဒေါင်းကျေးရွာနဲ့ ရှိန်းမကား ရွာကြားက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ ဧရာဝတီမြစ်ကမ်း နံဘေးမှာ ယာယီတဲလေးတွေဆောက်ပြီး နေထိုင်နေကြရတာပါ။
“စားရေးသောက်ရေးကတော့ ရေလုပ်ငန်းလုပ်သူကလည်း လုပ်ကြပေါ့။ အချို့ကျတော့လည်း စျေးရောင်းကြတယ်၊ အိမ်တွေမှာ စာရင်းငှါး လုပ်သူတွေလည်း လုပ်ကြပေါ့။ စားနပ်ရိက္ခာကတော့ ခက်ခဲတာပေါ့ဗျာ၊ ရွာကထွက်လာတာလည်းကြာပြီဆိုတော့ အလုပ်မဲ့ အကိုင်မဲ့ဖြစ်နေကြတာ။ ကျနော်ကတော့ ငါးဖမ်းပြီး တိုက်ပွဲမဖြစ်တဲ့ ရွာတွေဘက်ကို ဆိုင်ကယ်လေးနဲ့တက်ရောင်းတယ်၊ မပြေးရတဲ့ ရက်တွေပေါ့” လို့ ရှိန်းမကားရွာခံ စစ်ဘေးရှောင်တဦးက ပြောပါတယ်။
ရှိန်းမကားရွာခံတွေဟာ စိုက်ပျိုးရေးအဓိကလုပ်ကိုင်ကြရပြီး ရွာအနီးဝန်းကျင်ကို ရဲစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် စိုက်ပျိုးရေးလည်း မလုပ်ကိုင်နိုင်ကြဘူးလို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေဟာ မိုးရာသီကာလအတွက် ယာယီတဲတွေ ပြုပြင်ဆောက်လုပ်ဖို့နဲ့ ကလေးတွေကျောင်းထားဖို့ ကျောင်းစရိတ်လည်း လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ ပြည်တော်သာရွာမှာ မေ ၂ ရက်က စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသွားတဲ့ စိတ်ကျန်းမာရေးချို့တဲ့သူ ၂ ဦးဟာ အသက် ၄၀ ၀န်းကျင်အရွယ် ကိုလာလ်ပူ (Lal Pu) နဲ့ ဘာဘူ (Barbu) တို့ ဖြစ်တယ်လို့ သိရပါတယ်။
ရွာခံတဦးက “သူတို့ စိတ်မနှံ့ဘူးဆိုတာ တရွာလုံးကော၊ ဘေးရွာတွေကောသိကြတယ်။ စစ်သားတွေ စစ်ကြောင်းထိုးပြီး ရွာထဲ၀င်လာချိန်မှာ ပြေးဖို့ ခေါ်တာကို လိုက်မလာဘူးလေ။ အဲ့ဒီမှာ စစ်သားတွေက ပစ်သတ်လိုက်ကြတာ” လို့ ပြောပါတယ်။
မေ ၂ ရက်က ပြည်တော်သာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်က နေအိမ်တွေကို မီးရှို့ပြီး ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
အဆိုပါကျေးရွာက အမျိုးသမီး ၁ ဦးဟာလည်း မေ ၃ ရက် ညနေပိုင်းက ရွာအဝင်လမ်းမှာ မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
“ဒီရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးပြီး မိုင်းထောင်ခဲ့တာတွေရှိတယ်။ အရင်ရက်ကဘဲ စစ်တပ်စစ်ကြောင်းက ရွာကိုမီးရှို့သွားပြီး ရွာနားလေးတွေမှာ မိုင်းတွေထောင်ခဲ့ကြတယ်။ သူတို့ ထောင်ခဲ့တဲ့မိုင်း နင်းမိလို့ ရွာက အမျိုးသမီး ၁ ဦးဆုံးသွားတယ်။ သူတို့ထောင်ခဲ့တဲ့ မိုင်းဒဏ်ကို ဒီနားက ရွာသားတွေတော်တော်ခံရတယ်” လို့ ပြည်တော်သာကျေးရွာသားတဦးက အတည်ပြု ပြောပါတယ်။
မိုင်းနင်းမိလို့ သေဆုံးသွားသူဟာ ပြည်တော်သာကျေးရွာက အသက် ၃၀ ကျော် အရွယ် မန်နူ (Mang Nu) ဖြစ်ကာ မိုင်းနင်းမိတဲ့ဒဏ်ကြောင့် ညာဘက်ခြေထောက်ကျိုးကာ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းက တင်သားကျေးရွာ၊ အမှတ် ၂ ရပ်ကွက်မှာ မေ ၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး ခင်ပွန်းဖြစ်သူနဲ့ နို့စို့အရွယ်ကလေး ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရရှိတယ်လို့လည်း ဒေသခံတွေဆီကသိရတယ်။
သေဆုံးသွားသူဟာ အသက် ၄၂ နှစ်အရွယ် ဒေါ်ယုယုအေး ဖြစ်ပြီး ခင်ပွန်း ဦးစိန်လွင်၊ နို့စို့အရွယ်သမီးတဦးနဲ့ ရွာခံအမျိုးသမီးတဦးတို့ဟာ ဒဏ်ရာတွေ အသီးသီးရရှိခဲ့ကြလို့ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
ကလေးမြို့နယ်အတွင်းက နေရာအများစုမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဟာ တပ်စခန်းအများစုကို စွန့်လွှတ်နေရတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။
“စစ်ကြောင်းထိုးတဲ့ ရွာတွေတိုင်း ပြည်သူ့ပစ္စည်းလုယူတာ၊ ရွာတွေကိုမီးတိုက်တာ၊ ဒေသခံတွေကို ညှင်းပန်းနှိပ်စက်တာတွေ အမြဲလုပ်တယ်။ လေယာဥ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ အမြဲလုပ်နေတာ” လို့ PDF တပ်ဖွဲ့၀င်တဦးက ပြောဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်မှု၊ ရွာလုံးကျွတ်မီးရှို့မှုတို့ကြောင့် ဒေသခံပြည်သူ သိန်းချီပြီး နေရပ် စွန့်ခွာ စစ်ဘေးရှောင်နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။
ကလေးမြို့နယ်မှာ ၂၀၂၄ ခုနှစ်၊ ဇန်န၀ါရီလကနေ ဒီနေ့အချိန်အထိ စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေနဲ့ မတရားဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ကလေးမြို့နယ်မှာ ကလေးသူငယ်တွေအပါအ၀င် ပြည်သူ ၁၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့လည်း အရပ်ဘက်လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၃ ထိန်းချုပ်နယ်မြေ နတ်သံကွင်းမြို့က စစ်ဘေးရှောင် ပြည်သူတွေဟာလည်း စစ်ရှောင်ကာလ ၄ လကျော်ကြာ နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် အကူအညီပေးနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ကတည်းက နတ်သံကွင်းမြို့တွင်းက စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNLA) က ထိုးစစ်ဆင် တိုက်ခိုက်ကတည်းက မြို့ခံပြည်သူ ၉,၀၀၀ ကျော်ဟာ အရေးပေါ် တိမ်းရှောင်ခဲ့ကြရတာလို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေဟာ နတ်သံကွင်း အနီးဝန်းကျင် ကျေးရွာတွေနဲ့ ညောင်လေးပင်မြို့နယ်နဲ့ ဖြူးမြို့နယ်တို့ဘက်မှာ တိမ်းရှောင်နေကြရပါတယ်။
နတ်သံကွင်း စစ်ရှောင်အမျိုးသားတဦးက “မြို့ထဲတော့ အခုထိတော့ ဘယ်သူမှ ပြန်မနေကြသေးဘူး။ စစ်တပ်နဲ့ပိုင်တဲ့သူတော့ ပြန်မလားမသိဘူး။ ဒီဇင်ဘာ ၁၀ ရက်နေ့ကတည်းက မြို့ထဲမှာ မနေကြတော့တာလေ။ ၂၆ ရက်နေ့ မြို့ကိုဝင်စီးကတည်းက တမြို့လုံးရှောင်ကြတာ၊ ၅ လပြည့်တော့မယ်။ ဘာအလှူမှ မရောက်ဘူး။ တခါတော့ မိသားစု ၄ ယောက် ဆန်တအိတ်ရဖူးတယ်။ စစ်ရှောင်တွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် နေကြတာပဲ” လို့ ပြောပါတယ်။
စစ်ဘေးတိမ်းရှောင်စကာလက ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့က တကြိမ် ကူညီထောက်ပံ့ခဲ့ပြီး နောက်ပိုင်း လှူဒါန်းမှုမရရှိတဲ့အတွက် စစ်ရှောင်တွေ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်းက တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၂ သိန်းဝန်းကျင်ရှိကြောင်း KNU ရဲ့ စာရင်းတွေအရ သိရပါတယ်။