Home
မြန်မာသတင်း
ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်း၌ လေပြင်းတိုက်ခတ်ပြီး လူသေဆုံး၊ နေအိမ်နှင့်သီးနှံများ ပျက်စီး
DVB
·
May 6, 2024
ShwetaungHouseDamage01_06052024

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဗောဓိကုန်းကျေးရွာမှာ မေ ၄ ရက် ညနေက လေပြင်းတိုက်ခတ် သစ်ပင်ပြုလဲမှုကြောင့် မိန်းကလေးငယ်တဦး သစ်ပင်ပိ သေဆုံးပြီး တဦးက ဒဏ်ရာရသွားတယ်လို့  စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဗောဓိကုန်းကျေးရွာမှာ မေ ၄ ရက် ညနေ ၆ နာရီ ၄၅ မိနစ်လောက်က လေပြင်းတိုက်ခတ်ခဲ့တာမှာ ညီအစ်မ ၂ ယောက် နေအိမ်အနောက်မှာ ကစားနေစဉ် သစ်ပင်လဲကျလို့ အသက် ၁ နှစ်ခွဲအရွယ် မိန်းကလေးငယ် ဦးခေါင်းခွံကွဲအက်ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးပြီး၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေးကတော့ လက်မောင်းကျိုးဒဏ်ရာနဲ့ ဆေးရုံမှာတက်ရောက် ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။ 

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စု၊ ညောင်လှကျေးရွာမှာလည်း မေ ၅ ရက် ညနေက လေပြင်းတိုက်ခတ်ပြီး လူနေအိမ် ၁၅ လုံးနီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ညောင်လှကျေးရွာ ဒေသခံတဦးက “ညနေ ၄ နာရီဝန်းကျင်လောက်က လေကောမိုးကော တော်တော်လေးပြင်းတယ်။ ရွာမှာက အိမ်ခြေ ၁၂၀ လောက်ရှိတာ။ ၁၅ အိမ်လောက် ပျက်စီးကုန်တာပေါ့။ အိမ်အမိုးတွေ လန်တာတွေ၊ အမိုးလိုက် လေနောက်ပါသွားတာ၊ ထရံတွေပြုတ်ကျတွေပေါ့။ သစ်ပင်တွေလဲ၊ မီးတိုင်တွေလည်း ကျိုးကုန်တယ်” လို့ ပြောပါတယ်။

ညောင်လှကျေးရွာမှာ ​လေပြင်းတိုက်ခတ်တဲ့အတွက် လူနဲ့ တခြားတိရစ္ဆာန်တွေ ထိခိုက်တာ မရှိဘူးလို့လည်း သိရပါတယ်။

နေအိမ်ပျက်စီးသွားတဲ့ ဒေသခံတဦးက “အခုတော့ ကိုယ်ထူကိုယ်ထပဲ အပျက်အစီးတွေ ရှင်းလင်းနေရတာပေါ့။ အိမ်ပြန်ပြင်ရင် ၁၀ သိန်းနဲ့ သိန်း ၂၀ ကြား ကုန်မှာ။ ငွေပိုငွေလျှံ မရှိဘူးလေ။ နေဖို့လေးတော့ အဆင်ပြေအောင် ပြန်လုပ်ရဦးမှာပေါ့။ ပျက်စီးသွားတဲ့ အိမ်စာရင်းတွေကို အုပ်ချုပ်ရေးပိုင်းကတော့ စာရင်းကောက်နေတယ်။ မမျှော်လင့်ပါဘူးဗျာ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာလည်း လေပြင်းတိုက်ခတ်လို့ ကိုင်းကံကျေးရွာမှာ  အိမ်ခြေ ၂၂၀ ကျော်နဲ့ နှမ်းဧက ၄၉၆ ဧက ပျက်စီးသွား​တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၁ ရက်တုန်းက လေပြင်းမုန်တိုင်းဒဏ်ခံရတဲ့ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းက ကိုင်းကံ၊ တည်တော၊ မအုံး၊ သရက်ကန်၊ မြင်းတန်းစတဲ့ ကျေးရွာတွေက အိမ်ခြေ ၇၀၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကိုင်းကံကျေးရွာသားတဦးက “ကျနော်တို့ ကိုင်းကံတရွာတည်း အိမ်ခြေ ၂၂၀ ကျော်ဆိုတော့ အကုန်နီးပါးပါပဲ။ အမိုးလန်တာ၊ ပြိုတာတွေဖြစ်တယ်။ တခြားရွာတွေက ဒီရွာလောက် မခံရဘူး။ အရင် ၂၀၂၂ ဩဂုတ်လထဲက ရွာကို စစ်တပ်က မီးရှို့လို့ အိမ် ၁၄၅ လုံး မီးလောင်ပျက်စီးကုန်တာ အခုမှ အသစ်ပြန်ဆောက်ပြီးခါစပဲ ရှိသေးတယ်၊ ပျက်စီးကုန်ပြန်ရောဗျာ” လို့ပြောပါတယ်။

လေပြင်းဒဏ်ခံရတဲ့အတွက် ကိုင်းကံကျေးရွာက နှမ်းစိုက်ပြီးဧက ၄၉၆ ဧက ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

နှမ်းခင်းတွေပျက်စီးသွားတဲ့ ကိုင်းကံရွာသားတဦးက “နှမ်းတွေက အရမ်းကောင်းနေတဲ့အချိန် မိုးကော လေကော ချလိုက်တော့ အပင်တွေ လဲကုန်၊ ပြတ်ကုန်တာကိုး။ ကျနော့်နှမ်းခင်းဆို တခင်းလုံးပျက်တာ အရင်းတောင် ပြန်ရဖို့မလွယ်ဘူး။ ရှုံးမှာပါဗျာ သေချာပါတယ်” လို့ ပြောပါတယ်။

ဒေသခံလူမှုကူညီရေးအသင်းတွေက လေပြင်းဒဏ်ခံရတဲ့ ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေပေမဲ့ ဒေသခံတွေအတွက် လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်လို့ ကူညီပေးနေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ်အများစုမှာ အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်ပြီး မိုးပြင်းထန်စွာ ရွာသွန်းတာကြောင့် နေအိမ်တွေပျက်စီးကာ လူနဲ့ တိရစ္ဆာန်တွေ သေဆုံးရတဲ့အထိ ဖြစ်ပွားခဲ့ရပေမဲ့ လေဘေးဒဏ်ခံရတဲ့ ပြည်သူတွေကို အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးတာ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013