(က)
ဒီကနေ့ အဘစိမ်းမောင်က လှမ်းခေါ်၍ ရေနွေးကြမ်းသောက်ရန် သွားနေရင်း လမ်းတွင် စကားပြောသွားကြပါ၏။ “စိမ်းမောင်က ထူးထူးခြားခြား လှမ်းဖိတ်တာဆိုတော့ စိတ်ဝင်စားစရာပဲဟ လုံးတုံးရ” ဟု အဘစောမူးသာက ပြောလေရာ အဘလုံးတုံးကလည်း “အေးကွ” ဟု ဆိုပါလေ၏။
“အဖေ့ . . . ဧည့်သည်တွေလာတယ်”
ကျယ်လောင်လှသည့်အသံရှင် လေမောင်၏ အိမ်ခြံအတွင်းမှ လှမ်းသတင်းပို့ချက်ကြောင့် အဘစိမ်းမောင်မှာ ပြတင်းဝမှ ခေါင်းပြူထွက်ကြည့်ကာ မျက်နှာကြီးမှာ ပြုံးစစကြီး ဖြစ်နေသည်ကို ထူးခြားစွာ မြင်လိုက်ကြရပါလေ၏။
“ပြုံးနေရင် သတိထားကြကွ”
“ဟားဟား ဟားဟား ဟားဟား”
ရေနွေးကြမ်းဝိုင်းမှာ ပဲကြမ်းကို ကြက်သွန်နီနိုင်းချင်းနှင့် သုပ်ထားပါ၏။ သရက်သီးစိမ်းကို ပေါက်၍ ငါးပိနှင့် သုပ်ထားပါ၏။ ငါးခြောက်ဖုတ်ကို ထုထောင်း၍ ဆီတွေနစ်အောင် ထည့်ထားပါလေ၏။
“ဟကောင် စိမ်းမောင်ရ . . . အမြည်းတွေက စုံလို့ပါလားဟ”
“စားကြကွာ . . . မင်းတို့ကို စားစေချင်လို့ ငါကိုယ်တိုင် ဖုတ်ထား သုပ်ထားတာကွ . . . . . ဟဲ ဟဲ ဟဲ ဟဲ”
စိမ်းသရဖူစိမ်း အဘစိမ်းမောင်၏ ရယ်သံကား ထူးခြားလှပါပေ၏။ သူ့ငယ်ပေါင်းတွေကိုလည်း ကွက်ကြည့် ကွက်ကြည့် လုပ်နေပုံမှာလည်း မသင်္ကာစရာဟု အရွှင်အဘတွေက မျက်လုံးချင်းစကားပြော၍ ပြုံးစိပြုံးစိ လုပ်နေကြပါလေ၏ ခင်ဗျာ။
“‘အမြည်းတွေ’ စားကြစမ်းပါ သူငယ်ချင်းတို့ရာ . . . ဟဲ ဟဲ ဟဲ”
“ငါတို့က ‘အမြည်း’ မလိုပါဘူးကွာ၊ ရေနွေးကြမ်းပဲကွ၊ ‘လက်ဖက်ခြောက်ကျရင်’ ရပြီဟ”
“အေးကွ . . ‘လက်ဖက်ခြောက်’ ကျဖို့ပဲ”
“ဟား ဟား ဟား ဟား ဟား ဟား”
အရွှင်အဘတွေ၏ စကားကို အဘစိမ်းမောင်က ရုတ်တရက် ထရယ်လိုက်လေရာ ‘ဘာလဲဟ’ ဟု မျက်ရိပ်ပြကြပါ၏။
အဘစိမ်းမောင်ကား အားရပါးရ ဟားပြီးမှ စကားဟလာပါလေတော့၏ ခင်ဗျာ။
“မင်းတို့တွေက ‘လက်ဖက်ခြောက်’ ကျပြီထင်တာကိုး . . မကျဘူးဟ . . ဟ ဟ”
“ဟေ . . . ဘယ်လို”
“မင်းတို့က ‘ဒုချုပ်ကြီး’ ကို ‘ကျ’ တယ်ထင်နေတာ မဟုတ်လား၊ အခု ပြန်ထွက်လာပါပြီတဲ့ ဗျား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
“အဲသည်သတင်းကို ပြောချင်လို့ သူ့အိမ်ကို တကူးတက လှမ်းဖိတ်တာကိုး” ဟု အရွှင်အဘတွေက မျက်လုံးချင်း စကားပြောကြပြန်ပါလေ၏။ ပြီးတော့ အဘစောမူးသာက ဤသို့ ပြောပါလေ၏။
“အခု ‘မကျ’ သေးလည်း မကြာခင်တော့ ‘ကျ’ မှာပါပဲကွာ၊ အခုမှ ‘နှစ်ကြိမ်’ ပဲ ရှိသေးတာ၊ ‘သုံးကြိမ်’ ဆို ‘ကျ’ မှာဟ”
“ဘာလဲဟ ‘နှစ်ကြိမ်’ တို့ ‘သုံးကြိမ်’ တို့ဆိုတာ”
“‘ဖိုးသူတော်’ ဇာတ်လမ်းထဲကလို ‘ဂဏန်းတွေ’ ကို ရေနွေးပွက်ပွက်ဆူနေတဲ့ အိုးပေါ်က တုတ်ချောင်းပေါ် ဖြတ်ခိုင်းသလိုကွာ”
“အဲ . . . . .”
“‘အကောင်ငယ်လေးတွေ’ ကတော့ တခါဖြတ် တခါကျပဲလေ”
“အမ် . . . . .”
“‘အကောင်ကြီးတွေ’ ဆိုရင်လည်း ‘သုံးခါ’ ဆိုရင်တော့ မခံနိုင်ဘူးဟ၊ ကျမှာ ကျမှာ၊ ကျိန်းသေကို ကျမှာကွ စိမ်းမောင်ရ”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
(ခ)
အဘစိမ်းမောင်က သူတို့ဒုချုပ်အဘ ‘လက်ဖက်ခြောက်’ ကျန်းမာပကတိ လန်းဖြာစွာ ရှိနေကြောင်းကို ပြောချင်ဇောအားကြီးကြီးနှင့် ဒီကနေ့ရေနွေးကြမ်းဝိုင်းကို ဖိတ်ခေါ်တာကိုး ခင်ဗျ။ ခုတော့ စကားကြွယ်လှသည့် ငယ်ပေါင်း အရွှင်အဘတွေ၏ စကားလုံးတွေအောက်မှာ သုန်မှုန်နေပြီ ဖြစ်ပါလေ၏။
“ပဲကြမ်းသုပ်တွေ နှိုက်လေကွာ၊ သရက်သီးသုပ်ကော၊ ငါးခြောက်ဖုတ်လည်း စားကြအုံးလေကွာ”
“ငါတို့က ဘာအမြည်းမှ မပါရင်ရင်လည်း အဆင်ပြေတယ်၊ ‘လက်ဖက်ခြောက်ကျ’ ရင် ပြီးပြီဟ စိမ်းမောင်ရ”
“ရီး တဲ့မှပဲ . . . . .”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
“ဒါနဲ့ စိမ်းမောင်ရ . . မင်းလည်း အရင်က လက်ဖက်ခြောက်ကျတာကို ကြိုက်တယ်နော်”
“ဟမ် . . . . .”
“အခုတော့ ‘လက်ဖက်ခြောက်’ ကျကျကို သိပ်ကြိုက်ပုံမရတော့ဘူး”
“ရီး ပဲ ကွာ . . . . .”
“ဟားဟား ဟားဟား ဟားဟား”
အဘစိမ်းမောင်၏ သားအကြီးကောင် ဘာမသိ ညာမသိ လေမောင် နားစွန်နားဖျားဖြင့် ဝိုင်းကိုရောက်လာကာ ဤသို့ပြောပါလေ၏။
“လက်ဖက်ခြောက် မကျသေးဘူးလား အဘလုံးတုံး၊ ပေးပေး . . . ကျုပ် လက်ဖက်ခြောက် ထပ်ခပ်ပေးမယ်၊ လက်ဖက်ခြောက်ကျမှ အရသာရှိတာ”
“ဟာ . . . ဟေ့ကောင် လေမောင်၊ သွားစမ်းကွာ ဝေးဝေးကို၊ ရီး တဲ့မှပဲ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
စိမ်းသရဖူစိမ်း သားအဖတွေ၏ ဖြစ်ပုံပျက်ပုံ အလုံးစုံကို မြင်ကြားနေရ၍ တဟားဟား ထရယ်မိကြပြန်လေရာ လေမောင်မှာ ခေါင်းကုတ်ကာ ထထွက်သွားရပါလေ၏။ အဘစိမ်းမောင်ကား မျက်နှာကြီး စိမ်းပုပ်လျက် ရေနွေးကြမ်းကျကျ ပူပူကြီးကို ရုတ်တရက် မော့သောက်မိကာ ပူလောင်လှပြီး ‘ဖွီး’ ကနဲ ထွေးထုတ်ရပါလေတော့၏။
လျှာ ကြွတ်သွားပုံဖြင့် လျှာကိုထုတ်ကာ ယပ်တောင်ဖြင့် တဖြတ်ဖြတ် ခတ်နေပါလေ၏။ စကားဝိုင်းမှာ ခေတ္တမျှ တိတ်သွားပြီး ခဏအကြာမှာ စစ်ပြန်ကြီး အဘလုံးတုံးက ပြန်အသက်သွင်းပါလေ၏ ခင်ဗျာ။
“ဘာပဲဖြစ်ဖြစ် ‘ပွဲ’ ကတော့ ပြီးတော့မယ့် သဘောပဲကွ ဖေကြီးရ”
“ဟုတ်ကဲ့ အဘ”
“ငါလည်း စစ်တိုက်ခဲ့ဖူးတဲ့ စစ်သားပဲကွာ၊ ဒီလိုအခြေအနေဆိုရင် ဘယ်ဘက်က အောင်ပွဲရပြီး ဘယ်ဘက်က ပြေးရတော့မလဲဆိုတဲ့အဖြေကို မြင်နေရပြီကွ”
“ဆက်ပါအုံး လုံးတုံးရ”
“အေးကွ မူးသာရ . . စစ်ဖြစ်တယ်ဆိုရင် ဘယ်ဘက်က အနိုင်ရမလဲဆိုတာကို တွက်ဆလို့ရတဲ့ အချက်တွေ ရှိတယ်လေ”
“ဘယ်လို တွက်လို့ရတာလဲဟ”
“အေး . . . ပြည်သူ့မျက်နှာကိုကြည့်လို့ ‘ပြည်သူကူညီတဲ့အဖွဲ့’ ဟာ အနိုင်ရပြီး ပြည်သူကိုစော်ကားလို့ ‘ပြည်သူမကူညီတဲ့အဖွဲ့’ ဟာ လုံးဝကိုကျရှုံးမှာ လောကဓမ္မတာလေကွာ”
“ဟှူး . . . ဝှူး . . . . .”
အဘစိမ်းမောင်ကား သက်ပြင်းပူကြီးကို စိတ်ပျက်လက်ပျက် ချနေပါလေ၏။ သူ၏ ရေနွေးကြမ်းခွက်ထဲတွင်ကား အရောင်ရင့်ကာ အတော် ‘ကျ’ နေပုံပါပေ။ အဘစောမူးသာက အဘစိမ်းမောင်၏ ရေနွေးကြမ်းခွက်ကို လက်ညှိုးထိုးပြကာ အော်ပြောပါလေ၏ ခင်ဗျာ။
“လက်ဖက်ခြောက်ရိုးကြီး ထောင်နေပြီ၊ လက်ဖက်ခြောက်ကြီး ထောင်နေပြီဟ”
“ရီး တဲ့မှပဲ . . .”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
(ဂ)
“‘လက်ဖက်ခြောက်ရိုး’ က ပြန် ‘ထောင်’ လာမှာပေါ့ကွ၊ အိန္ဒိယက အရိုးပါရဂူကြီးတွေကိုယ်တိုင် အနီးကပ် ကြီးကြပ်ပြီး အစွမ်းကုန် လက်ပူတိုက်ပေးခဲ့ကြတာကိုးဟ”
“ရီး တဲ့မှပဲ . . .”
“ဟားဟား ဟားဟား ဟားဟား”
အဘစိမ်းမောင်မှာ သုန်မှုန်နေသလောက် ဟိုအဘတွေကား မြေပြင်အခြေအနေကို မှန်မှန်ကန်ကန် ရွှင်ရွှင်ပြပြ သုံးသပ်ပြနေကြပါလေ၏ ခင်ဗျာ။ သူတို့ပြောသည်မှာ ‘လက်ဘက်ခြောက်’ ဖြစ်စေ၊ ‘ကြင်စိုး သာဝ မအလ’ ဖြစ်စေ သူတို့လက်အောက်မှ လက်ပါးစေ မည်သည့် ‘ချိုကုတ်’ တွေဖြစ်စေ ဘယ်နေရာကိုထွက်ထွက် ခေါင်းထက်သို့ မော့မော့ကြည့်ကာ ကျီးလန့်စာစား အခြေအနေကို ရောက်ရှိနေပြီဆိုတာတော့ အမှန်တရားပါတဲ့ ခင်ဗျ။
“အခုတော့ ဒင်းတို့အာဏာရူးတသိုက်နဲ့ နောက်လိုက်နောက်ပါ ‘အသေခံတပ်သားတွေ’ ဟာ ပြေးစရာ မြေမရှိတော့ဘဲ သူတို့ရှိတဲ့နေရာဟာ သူတို့ရဲ့သင်္ချိုင်းမြေတွေ ဖြစ်နေပြီကွ စိမ်းမောင်ရ”
“ရီး ပဲကွာ . . .”
“ပြည်သူလူထုတရပ်လုံးကို အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်း မစားရအောင် ကြံဆောင်ခဲ့တဲ့ အယုတ်တမာကောင်တွေဟာ ခုတော့ သူတို့ကိုယ်တိုင် အိပ်လို့ရယ်မပျော် စားတော်ရယ်မဝင် အခြေအနေဆိုးကြီးကို ဖြတ်သန်းနေကြရပြီ”
“ဒါပဲလေကွာ . . . နေ့နေ့ ညည အိပ်မပျော်ကြတော့လို့ သူတို့ရဲ့ပါရဂူတွေပေးတဲ့ စိတ်ငြိမ်ဆေးတွေ အိပ်ဆေးတွေကို ကလေးတွေ ပဲလှော်ဝါးသလို အပြိုင်ဝါးနေကြရတယ်တဲ့ကွ”
“အဲဒီလိုဖြစ်နေတယ်လို့ မင်းတို့ကို ဘယ်သူက ပြောလဲ”
“ဒီမယ်စိမ်းမောင် . . . မအလရဲ့ အနီးကပ်ဆုံး အတွင်းစည်းထဲအထိ ပြည်သူ့ဘက်တော်သား ‘ဖရဲသီးတွေ’ ရှိနေတယ်ဆိုတာ မင်း သိဖို့ကောင်းပါပြီကွာ”
“ရီး တဲ့မှပဲ . . . အေရိုးတွေ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
“အခုတော့ မင်းတို့အဘ မအလတွေဟာ နောင်မှတတဲ့ ‘နောင်တတွေ’ တလှေကြီးနဲ့ ပြည်သူ့တော်လှန်ရေးခရီး ရေစီးကြီးထဲမှာ မြုပ်ချီပေါ်ချီ အလီလီနဲ့ သိပ်မကြာခင်အချိန်မှာ စုန်းစုန်းမြုပ်လို့ နိဂုံးချုပ်တော့မှာကွ”
“ဟှူး. . . . . ဝှူး. . . . .”
အဘစိမ်းမောင်၏ သက်ပြင်းချသံကြီးကိုကြားရတော့ ပြန်ဖို့ပြင်ကြပါလေ၏။ “မပြန်ခင် သီချင်းလေးတပုဒ်တော့ ဆိုချင်တယ်ကွာ” ဟု အဘစောမူးသာကပြောပြီးသကာလ လက်ဖက်ခြောက်ကျကျ ရေနွေးခွက်ကို မော့၍ လည်ချောင်းရှင်းလိုက်ကာ စာမြှောင်ကပ် ‘နပန်းဆံ’ အလိုက် လက်တမ်းသီချင်းတပိုဒ်ဖြင့် နှုတ်ဆက်ခဲ့ပါလေတော့၏တည်း။
“တက် အပီနှံ
လက်ညီပြန်
မရှောင်နိုင် သေမယ်ကြံ . . .
ပုန်းပုန်းမှ ဟန်
ပြေးပြေးမှ မြန်
စစ်သား ငတုံးကြီး
ကြောက်သေးထွက်နေဟန်”
ဖေကြီး(လေရှီး)