မေ ၄ ရက်က အစ္စရေးမြို့တော် တဲလ်အဗစ်မြို့မှာ ထောင်ချီတဲ့ အစ္စရေးဆန္ဒပြသူတွေ ချီတက်ခဲ့ကြပြီး ဂါဇာကမ်းမြောင်မှာ ကျန်ရှိနေသေးတဲ့ အစ္စရေး ဓားစာခံတွေ လွတ်မြောက်ရေးအတွက် ဟားမတ်စ်အဖွဲ့နဲ့ အပစ်ရပ်သဘောတူညီချက်ကို လက်ခံပေးဖို့ ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကို တောင်းဆိုခဲ့ကြပါတယ်။
အပစ်ရပ်ရေးအတွက် အီဂျစ်နိုင်ငံကိုင်ရိုမြို့မှာ ဟားမတ်စ်တာဝန်ရှိသူတွေနဲ့ အီဂျစ်နဲ့ ကာတာက ကြားဝင်ညှိနှိုင်းရေးမှူးတွေ ဆွေးနွေးနေကြပါတယ်။
အဲဒီအချိန်မှာပဲ ကျန်ရှိဓားစာခံ ၁၃၀ ကျော်ရဲ့ ဆွေမျိုးတွေနဲ့ ထောက်ခံသူတွေက ဓားစာခံတွေပြန်လွတ်ဖို့ ဖြစ်နိုင်တာ အကုန်လုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဂါဇာစစ်ပွဲ ၇ လပြည့်တော့မယ့် အချိန်၊ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ နိုင်ငံတကာဖိအား တိုးပွားလာတဲ့ အချိန် ပြည်တွင်းမှာလည်း ဆန္ဒပြမှုတွေ တောက်လျှောက်ဖြစ်ပွားနေတယ်။
ကျန်ရှိဓားစာခံအများစုဟာ သေဆုံးသွားပြီလို့ ယူဆရပေမဲ့ သေသေရှင်ရှင် ပြန်ရချင်တယ်လို့ မိသားစုတွေက တောင်းဆိုနေကြပါတယ်။
ပြီးခဲ့တဲ့နှစ်အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တပ်ဖွဲ့တွေက အစ္စရေးမြေထဲဝင်ရောက်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် အစ္စရေး ၁၂၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ဓားစာခံ ၂၅၀ ကျော်ကိုလည်း ဖမ်းခေါ်သွားခဲ့ပါတယ်။
အစ္စရေးက ဂါဇာမှာ လက်တုံ့ပြန်ထိုးစစ်ဆင်ရာမှာတော့ ပါလက်စတိုင်းသား ၃၄,၀၀၀ ကျော်သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
Source/Photo - REUTERS/Ronen Zvulun