Home
မြန်မာသတင်း
ရေနံချောင်းနှင့် ဆောနယ်က လမ်းများကို ညဘက် သွားလာခွင့်ပိတ်
DVB
·
May 5, 2024
YayNanChaungPDF_05052024

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်က လမ်းပိုင်း ၄ ခုနဲ့ ဆောမြို့နယ်ထဲမှာ ညဘက် ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒေသန္တရအမိန့် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်ကစပြီး ဖြတ်သန်းသွားလာခွင့်အချိန် သတ်မှတ်ထုတ်ပြန်လိုက်တယ်လို့ ရေနံချောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ရေနံချောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက “ဖြတ်သန်းသွားလာခွင့်အချိန် သတ်မှတ်ထုတ်ပြန်လိုက်တဲ့ လမ်းပိုင်း ၄ ခုဟာ ရေနံချောင်းမြို့နယ်ထဲက ယာကြီးပြင်-အင်တောလမ်း၊ ချိုင်း-လေးတိုင်စဉ်လမ်း၊ ကုန်းအိုင်-ဖောင်းကွဲ-လွန်ပရှိုလမ်း၊ မိုးပေါ်ကန်-ညောင်ဇောက်ချောင်း-ရွှေတုတ်ကန်-ဝါရိုး-မကျည်းတိုင်းလမ်းတွေဖြစ်ပြီး မနက် ၆ နာရီကနေ ည ၈ နာရီနောက်ဆုံးထားပြီး ဖြတ်သန်းသွားလာကြဖို့ အချိန်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်” လို့ ဒီဗွီဘီ ကို အတည်ပြု ပြောဆိုပါတယ်။

အဲဒီလမ်းပိုင်း ၄ ခုမှာ ပစ်ခတ်မှုတွေ အချိန်မရွေးဖြစ်နိုင်တဲ့အတွက် ဖြတ်သန်းသွားလာခွင့် အချိန်သတ်မှတ်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ 

ရေနံချောင်းမြို့နယ်ထဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေး တင်းမာနေတာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တယောက်က “ကျနော်တို့အနေနဲ့ စစ်ရေးအရ ပြောပြလို့ မရတဲ့အရာတွေ ရှိနေတဲ့အတွက် ပြည်သူကို မထိခိုက်စေချင်တဲ့လို့ အခုလို သတ်မှတ်ရတာပါ။ ပြည်သူတွေအနေနဲ့လည်း အခုသတ်မှတ်ချက်အတိုင်း လိုက်နာပေးကြပါ။ သတ်မှတ်ချက်ကို မလိုက်နာရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်ကို တာ၀န်ယူမှာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

သတ်မှတ်ချိန်အတွင်း ဖြတ်သန်းသွားလာတဲ့ တော်မော်ယာဉ်တွေအနေနဲ့လည်း မှန်ချပြီး မောင်းနှင်ရမယ်လို့ သိရပါတယ်။

ပြီးတော့ နောက်ထပ်ထုတ်ပြန်ချက် မထုတ်ပြန်မချင်း အခုထုတ်ပြန်ချက်ဟာ အတည်ဖြစ်နေမှာ ဖြစ်တယ်လို့ ရေနံချောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

မကွေးတိုင်း၊ ဆောမြို့နယ်ထဲမှာလည်း ည ၈ နာရီကနေ မနက် ၄ နာရီတွင်း ဖြတ်သန်းသွားလာတာ မပြုလုပ်ဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဧပြီ ၂၇ ရက်မှာ ဒေသန္တရအမိန့် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အမှတ် ၃ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ရှိသူတယောက်က “ဆောမြို့နယ်၊ အမှတ် ၃ နဲ့ အမှတ် ၅ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ နယ်မြေမတည်ငြိမ်မှုတွေ ရှိနေတာကို တည်ငြိမ်အောင်ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာကွပ်ကဲရေး၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးတော့မှ ဆောမြို့ပေါ်ဧရိယာအတွင်းကို ဒေသန္တရအမိန့် ထုတ်ပြန်လိုက်ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြို့တွင်းဝင်ထွက်သွားလာမယ့် ဘယ်သူမဆို တပ်ရင်းစစ်ဆေးရေးဂိတ်တွေက လိုအပ်‌တဲ့ စစ်ဆေးမှုတွေ ပြုလုပ်တာကို ကောင်းမွန်စွာခံယူကြဖို့၊ ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း မြို့တွင်းမှာ ဘယ်အဖွဲ့၊ ဘယ်ပုဂ္ဂိုလ်မှ သွားလာတာ မပြုလုပ်ကြဖို့၊ ကန့်သတ်ကာလအတွင်း အရေးပေါ်အခြေနေတွေနဲ့ ကျန်းမာရေးကိစ္စတွေအတွက် မဖြစ်မနေသွားလာဖို့ လိုအပ်ရင် နယ်မြေခံတပ်ရင်းဆီကို ကြိုတင်အသိပေး အကြောင်းကြားပြီးမှ သွာလာကြဖို့နဲ့ ဆောမြို့တွင်းကို လက်နက်နဲ့ ဖြတ်သန်းသွားလာရင် မြို့ဝင်စစ်ဆေးရေးဂိတ်တွေမှာ သတင်းပို့ပြီးမှ ဖြတ်သန်းသွားလာကြဖို့ အချက် ၄ ချက်ပါရှိပါတယ်။

ဆောမြို့နယ်၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ကြေညာချက် ဒေသန္တရအမိန့်မှာ ဧပြီ ၂၇ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြီးဆုံးမယ့်ကာလ သတ်မှတ်ချက်ကိုတော့ ထည့်သွင်းဖော်ပြထားတာ မတွေ့ရဘဲ ဒေသန္တရတည်မြဲအမိန့်ကို လိုက်နာဆောင်ရွက်ပေးကြဖို့နဲ့ လိုက်နာပူးပေါင်း ဆောင်ရွက်တာမရှိလို့ ထိခိုက်နစ်နာမှုရှိလာရင် ကာယကံရှင်ရဲ့ တာဝန်သာဖြစ်ပြီး နယ်မြေခံ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013