လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်ဟာ မြို့တော်ဝန် ရွေးကောက်ပွဲမှာ သုံးကြိမ်ဆက် အနိုင်ရပြီး သမိုင်းဝင်သွားခဲ့ပြီ ဖြစ်တယ်လို့ မေလ ၄ ရက်နေ့မှာ အတည်ပြုနိုင်ခဲ့ပါတယ်။
လန်ဒန်ရဲ့ ပထမဆုံးမွတ်စလင်မြို့တော်ဝန် ဖြစ်တဲ့ ခန်းဟာ ၂၀၁၆ ခုနှစ် မေလမှာ ပထမဆုံးအကြိမ် ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးတဲ့ နောက် ၂၀၂၁ နဲ့ ၂၀၂၄ မှာပါ ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။
လေဘာပါတီ ကိုယ်စားလှယ် ခန်းဟာ ကွန်ဆာဗေးတစ်ပါတီက ပြိုင်ဘက် ဆူဆန်ဟောလ်ထက် မဲ အရေအတွက် ၂ သိန်းခွဲကျော် အသာရခဲ့ပြီး မြို့တော်ဝန်နေရာအတွက် လေဘာပါတီကိုယ်စားလှယ်ကို မဲပေးသူ ၃ ဒသမ ၂ ရာခိုင်နှုန်းတိုးလာတာဖြစ်ပါတယ်။
လန်ဒန်မှာ စုစုပေါင်း မဲပေးသူ ၂ ဒသမ ၄ သန်းရှိခဲ့ပြီး မဲလာပေးသူ ၄၂ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိခဲ့တဲ့အတွက် ၂၀၂၁ ထက် စာရင် မဲပေးသူလျော့နည်းသွားတာ ဖြစ်ပါတယ်။
ခန်ဟာ လန်ဒန်က မဲဆန္ဒနယ် ၁၄ ခုမှာ ၉ ခုအထိ နိုင်ခဲ့ပြီး တိုရီလို့လည်းခေါ်တဲ့ ကွန်ဆာဗေးတစ်တွေ အသာရလေ့ရှိတဲ့ မဲဆန္ဒနယ် ၂ နယ်မှာပါ နိုင်ခဲ့တာပါ။
မေ ၂ ရက်က ကျင်းပခဲ့တဲ့ ဗြိတိန်နိုင်ငံရှိ ကောင်စီနဲ့ မြို့တော်ဝန်ရွေးကောက်ပွဲအများအပြားမှာ လေဘာပါတီက အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ် ရီရှီဆူးနက်ရဲ့ ကွန်ဆာဗေးတစ်ပါတီက အထိနာခဲ့ပါတယ်။
စစ်တမ်းတွေအရ လာမယ့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲမှာလည်း လေဘာပါတီ အနိုင်ရနိုင်ပြီး ပါတီခေါင်းဆောင် ကီယာစတာမာ ဟာ ၁၄ နှစ်ကြာ ကွန်ဆာဗေးတစ် အုပ်စိုးမှုကို အဆုံးသတ်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
Source/Photo - REUTERS/Toby Melville