ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက အီနောင်ပုလဲကျေးရွာမှာ ဖေဖော်ဝါရီလလောက်စပြီး ရေကျောက်ရောဂါကူးစက်ခံရတဲ့ ကလေးငယ် အယောက် ၄၀ ကျော်အထိရှိခဲ့တယ်လို့ ကလေးမိခင်တဦးက ပြောပါတယ်။
ကျေးရွာက ကလေးငယ်တွေက မူကြိုနဲ့ မူလတန်းတက်ရောက်နေရင်းကနေ တယောက်ပြီးတယောက် ကူးစက်ရင်း အယောက် ၄၀ ကျော်အထိ ကူးစက်လာပြီး ခုလက်ရှိမှာတော့ ကူးစက်မှုနှုန်းလျော့နည်းသွားပြီလို့ သိရပါတယ်။
“အရင်ဆုံးက ဖျားတာပေါ့။ ပြီးတော့ အနီစက်တွေထွက်လာတယ်။ အဖုကယားလည်းယားတော့ ကုတ်မိရင် ထပ်ပွားလာတာပေါ့။ အဖုပိန့်ကလည်း တပတ်လောက်နေမှ ခြောက်တယ်။ မခြောက်ခင်လည်း ယားတယ်။ ယားတော့ကုတ်တာပေါ့။ ကျမသမီးအငယ်မဆို ခြေထောက်တွေပါဖြစ်တော့ လမ်းတောင်မလျှောက်နိုင်ဘူး။ အခုကတော့ ပိုးသတ်ဆေးတွေလည်းတိုက်တော့ အမာရွတ်တွေပဲကျန်တော့တယ်။”
ရေကျောက်ရောဂါဖြစ်ပွားတဲ့သူတွေက အသက် ၈ လလောက်ကနေစပြီး မူလတန်းကလေးငယ်တွေအပြင် အသက်ကြီးတဲ့ လူကြီးတွေပါ သုံးလေးယောက် ဖြစ်ပွားတာတွေရှိတယ်လို့ သိရပါတယ်။
ရေကျောက်ရောဂါ မဖြစ်ပွားဖူးသူ (ဒါမှမဟုတ်) ရေကျောက်ရောဂါကာကွယ်ဆေး မထိုးနှံထားသူတိုင်းမှာ ရောဂါကူးစက်နိုင်ပြီး ၄ ရက်မှ ၇ ရက်ခန့် ကြာမြင့်နိုင်ပါတယ်။
ရေကျောက်ရောဂါရဲ့ ထင်ရှားတဲ့ ရောဂါလက္ခဏာမှာ ခန္ဓာကိုယ် အနီကွက်တွေဖြစ်လာပြီး ယားယံအရည်ကြည်ဖုတွေထကာ နောက်ဆုံး အနာဖေးတွေအဖြစ် ပြောင်းသွားကြောင်း၊ ရင်ဘတ်၊ ကျောဘက်နဲ့ မျက်နှာတွေမှာ စတင်ဖြစ်ပေါ်လာတတ်ပြီး ပါးစပ်၊ မျက်ခွံနဲ့ လိင်အင်္ဂါတဝိုက်အပါအဝင် ခန္ဓာကိုယ်နေရာအနှံ့အပြားကို ပြန့်ပွားသွားတတ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
O-1ဆေးရုံမှ ဒေါက်တာ စိုးရန်နိုင်က “ကလေးတွေက ကာကွယ်ဆေးမထိုးဖြစ်တာတွေ၊ အဖျားအရမ်းကြီးတာတွေ၊ အာဟာရမပြည့်ဝတာတွေ အများကြီးရှိတယ်ပေါ့နော်။ ကျနော်တို့ ဆေးရုံကို ရောက်လာတာကတော့ ၁၀ ဂဏန်းလောက်ပဲပေါ့။ ကျနော်တို့ဆေးရုံကို ရောက်လာတဲ့သူတွေကိုဖြစ်ဖြစ်၊ mobile သွားကုတဲ့အခါပဲဖြစ်ဖြစ် ကာကွယ်ဆေးတွေထိုးဖို့ အသိပညာပေးတာတွေ လက်လှမ်းမှီသလောက်ဝေငှဖြစ်တယ်။ ဆေးရုံကိုရောက်လာတဲ့ ကလေးတွေကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ အတတ်နိုင်ဆုံးလုပ်ပေးဖြစ်တယ်” လို့ ပြောပါတယ်။
ရေကျောက်ရောဂါက ကာကွယ်ဆေး မထိုးနှံဖူးသူတွေကို လွယ်ကူစွာ ကူးစက်နိုင်ပြီး ရေကျောက်ရောဂါ ရောဂါပြင်းထန်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း၊ ကျန်းမာရေးကောင်းမွန်ပြီး ကာကွယ်ဆေး မထိုးနှံရသေးတဲ့ ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေ အသက်ဆုံးရှုံးမှုများ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရေကျောက်ရောဂါ မဖြစ်ပွားဖူးသူ၊ ကာကွယ်ဆေး မထိုးနှံရသေးသူတိုင်း (ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ အရွယ်ရောက်ပြီးသူတွေ) ဟာ ရေကျောက်ရောဂါကာကွယ်ဆေးကို နှစ်ကြိမ် မဖြစ်မနေ ထိုးနှံသင့်ကြောင်းလည်း တိုက်တွန်းထားပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ တသိန်းခွဲကျော်အထိရှိနေပြီး ဆေးဝါးအခက်အခဲတွေ ရှိနေတဲ့အပြင် သောက်သုံးရေ ရှားပါးမှုကြောင့် တကိုယ်ရည် သန့်ရှင်းရေးအတွက်လည်း ဦးစားပေးဖို့ ခက်ခဲတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။