Home
မြန်မာသတင်း
ဖယ်ခုံစစ်ရှောင်များကို အသားဟင်းနှင့် မုန့် လှူဒါန်း၊ အညာစစ်ရှောင်များအတွက် ကမ်ပိန်းလုပ်နေ
DVB
·
May 4, 2024
kayin 452024
kayin 7 452024
kayin 6 452024
kayin 4 452024
kayin 3 452024
kayin 2 452024
kayin 1 452024
help 452024
help 2 452024
help 1 452024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်စခန်းတခုမှာ အသားဟင်းနဲ့ မုန့်တွေ လှူဒါန်းခဲ့သလို အညာဒေသမှာရှိတဲ့ စစ်ဘေးရှောင်အိမ်ထောင်စုပေါင်း ၅၀၀ ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် အညာမြေ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ပြီး ‘ရွှေညာမြေက ပိတောက်ဝါ’ ကမ်ပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဖယ်ခုံ အနောက်ဘက်ခြမ်းမှာရှိတဲ့ မေတ္တာရောင်ခြည် စစ်ရှောင်စခန်းမှာ အသားဟင်းနဲ့ မုန့်၊ အအေးတွေကို မေ ၂ ရက်မှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ UTF-Aung Ban အဖွဲ့က မစန္ဒီက ပြောပါတယ်။

“အခုလတ်တလောမှာ အလှုရှင်နည်းတဲ့နေရာ၊ ပိုပြီးခက်ခဲတဲ့နေရာကို ရွေးပြီးလှူဖြစ်တာ။ အသားဟင်းက ဈေးကြီးလို့ အသားဟင်းနဲ့ မစားရတာ များတယ်လို့ စစ်ရှောင်တွေက ပြောကြတော့ အသားဟင်းဘက်ကို ဦးစားပေးဖြစ်တာပေါ့” လို့ ပြောပါတယ်။

မေတ္တာရောင်ခြည် စစ်ရှောင်စခန်းမှာ အိမ်‌ခြေ ၃၄ အိမ်ရှိပြီး လူဦးရေ ၁၆ဝ ကျော်နေထိုင်ကာ ကလေးငယ်နဲ့ သက်ကြီးရွယ်အို အယောက် ၇၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီမှာ မိုးဗြဲမြို့၊ ပွဲကုန်းရပ်ကွက်ကနေ စစ်ဘေးရှောင်လာကြပြီး စစ်ရှောင်ကာလ ၃ နှစ်ရှိနေတဲ့အပြင် နေအိမ်တွေ မီးရှို့ဖျက်ဆီးခံလိုက်ရတာ၊ တိုက်ပွဲတွေ ဖြစ်ပွားနေသေးတာတွေကြောင့် နေရပ်ပြန်ဖို့အတွက်လည်း ခက်ခဲနေတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတယောက်က “အလှူရှင်တွေမလာတာ ၁ လကျော်ရှိနေပြီ။ အသားဟင်း မစားရတာလည်း ကြာပြီ။ ဆရာမတို့လာကျွေးမှ စားရတာ။ ကျေးဇူးအများကြီးတင်ပါတယ်နော်။ နောက်လည်း ကူညီပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းခွဲကျော် ရှိနေပြီး စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့ စစ်ဘေးရှောင်ပြည်သူ များပြားလာတာကြောင့် စားနပ်ရိက္ခာ၊ မိုးကာနဲ့ သောက်သုံးရေတွေ ခက်ခဲနေတယ်လို့ သိရပါတယ်။

အညာဒေသမှာရှိတဲ့ စစ်ဘေးရှောင်အိမ်ထောင်စုပေါင်း ၅၀၀ ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် “ရွှေညာမြေက ပိတောက်ဝါ” ကမ်ပိန်းကို အညာမြေ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ပြီး ပြုလုပ်နေကြောင်း သိရပါတယ်။

ရွှေညာမြေအနေနဲ့ စစ်ဘေးရှောင်မိသားစုတစုကို သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာခဲ၊ ဆန် ၄ ပြည်၊ ဆီ ၁ ဘူးနှုန်းနဲ့ ထောက်ပံ့ပေးအပ်မှာဖြစ်ပြီး ကာလပေါက် ကုန်စျေးနှုန်းနဲ့ဆိုရင် တအိမ်ထောင်ကို ကျပ် ၄၀,၀၀၀ လိုအပ်မှာဖြစ်လို့ အိမ်ထောင်စု ၅၀၀ အတွက် ကျပ်သိန်းပေါင်း ၂၀၀ ကျော် ကုန်ကျမှာ ဖြစ်ပါတယ်။

အညာမြေ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ ခင်ခင်ပျိုက “အခုထိတော့ စစ်ဘေးရှောင်အိမ်ထောင်စု ၄၀ ကျော်ကို ထောက်ပံ့ပေးထားနိုင်ပါပြီ။ ကျန်ရှိတဲ့ စစ်ဘေးရှောင် အိမ်ထောင်စုတွေကိုလည်း မကြာမီ အမြန်ဆုံးပေးအပ်သွားနိုင်ဖို့ ကြိုးစားနေပါတယ်။ မိုးတွင်းဝင်လာရင်လည်း မိုးကာ၊ ခြင်ထောင်၊ အမျိုးသမီးလစဉ်သုံး စတဲ့ အခြေခံအသုံးအဆောင်တွေ လိုအပ်လာဦးမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ အညာမြေအဖွဲ့အခြေစိုက်ရာ ပခုက္ကူခရိုင် အညာဒေသက ကျေးရွာတွေမှာဆိုရင် စစ်ကောင်စီ အခြေစိုက်စခန်းတွေကို ရိက္ခာပို့တဲ့ ထောက်ပို့စစ်ကြောင်းတွေက မကြာခဏ ဖြတ်သန်းသွားလာပြီး အများပြည်သူ နေအိမ်တွေကို မကြာခဏ မီးရှို့ဖျက်ဆီးနေပါတယ်။

ကျေးရွာတချို့ဟာ စစ်ကောင်စီအခြေစိုက်စခန်းတွေနဲ့ နီးကပ်လွန်းတာကြောင့် ရပ်ရွာစွန့်ခွာ တိမ်းရှောင်နေခဲ့ရတာ ၃ နှစ်ကာလ ကျော်လွန်လာပြီဖြစ်လို့ စားသောက်ကုန် အခြေခံလိုအပ်ချက်တွေ၊ အခြေခံဆေးဝါးလိုအပ်ချက်တွေ များပြားနေကြောင်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013