အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီပြည်နယ်တောင်ပိုင်းရှိ လူဝူရီဂျင်စီနယ်မြေမှာ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ လို့ လူ ၁၄ ဦး သေဆုံးခဲ့ပြီးနောက် မေ ၃ ရက်မှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး ကြိုးပမ်းမှု တွေကို လုပ်ဆောင်နေပါတယ်။
အင်ဒိုနီးရှား အမျိုးသားရှာဖွေရေးနဲ့ကယ်ဆယ်ရေး အေဂျင်စီ (Basarnas) မှ သောကြာနေ့မှာ ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ထဲမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကနေ ဖြစ်လာတဲ့ ရေလွှမ်းမိုးမှု အတိုင်းအတာနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက ရော်ဘာလှေတွေနဲ့ ကယ်ထုတ်နေကြပုံတွေကို မြင်တွေ့ရပါတယ်။
ရေကြီးမြေပြိုမှုတွေကြောင့် လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက မေ ၄ ရက်မှာ ပြောပါတယ်။
မေ ၃ ရက် မွန်းလွဲပိုင်းအထိ ဝါဂျို ဧရိယာမှ အသက်ရှင်ကျန်ရစ်သူ ၁၈ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး နောက်ထပ်လည်း လူတွေကို ဆက်လက် ရွှေ့ပြောင်းပို့ဆောင်ပေးနေဆဲ ဖြစ်ကြောင်း မက်ကာဆာမြို့ ရှာဖွေရေးနဲ့ကယ်ဆယ်ရေးရုံး အကြီးအကဲ မက်ဆီယန်နပ်စ် ဘေကာဘဲလ် က ပြောပါတယ်။
ဆီဒရက်ပ်နယ်မြေမှာလည်း အသက်ရှင်ကျန်ရစ်သူ ၁၇ ဦးရှိပြီး နောက်ထပ်လူများကို ကယ်ဆယ် ပေးနေကြောင်းလည်း ဆိုပါတယ်။
လူဝူ မှာတော့ လူ ၆၀ လောက်ကို ကယ်တင်နိုင်ခဲ့ပြီး တခြားပျောက်ဆုံးနေသူ တွေကိုလည်း ရှာဖွေကယ်ဆယ်နေဆဲဖြစ်ကြောင်း သူက ပြောပါတယ်။
ဆူလာဝေစီတောင်ပိုင်းက လူတွေနဲ့ အင်ဒိုနီးရှား တနိုင်ငံလုံးရဲ့ ပံ့ပိုးကူညီမှုနဲ့ ဆုတောင်းမှုတွေ ကြောင့် ရှာဖွေရေးလုပ်ငန်းစဉ် ကောင်းကောင်း အောင်မြင်နိုင်မယ်လို့ မျှော်လင့်ပါကြောင်းလည်း ဘေကာဘဲလ်က ပြောသွားပါတယ်။
လူဝူရီဂျင်စီနယ်မြေမှာ ဒီနေ့မနက် အစောပိုင်းက ရေကြီးမှုကြောင့် မိသားစု ၂,၀၀၀ ကျော် ထိခိုက်ခဲ့ပြီး အိမ်ခြေ ၁၉၀၀ ကျော် ပျက်စီးခဲ့ကြောင်းနဲ့ တချို့နေရာတွေမှာ ရေပြန် ကျဆင်း သွား ပြီဖြစ်ကြောင်း အေဂျင်စီက ပြောကြားခဲ့ပါတယ်။
Source/Photo - Reuters