ပါရီအိုလံပစ်ပြိုင်ပွဲမှာ မာရသွန်၊ ရေကူးပြိုင်ပွဲနဲ့ သုံးမျိုးစုံ ထရိုင်သလွန်ပြိုင်ပွဲရဲ့ ရေကူးတဲ့အပိုင်းကို ကျင်းပမှာဖြစ်တဲ့ ဆိန်းမြစ်ကို သန့်စင်ဖို့နဲ့ ညစ်ညမ်းမှုလျှော့ချဖို့ ဧရာမ ရေလှောင်ကန်ကြီး မေ ၂ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။
ဇူလိုင် ၂၆ ရက်မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲအတွက်တင်မကဘဲ ၂၀၂၅ ကျရင် ဆိန်းမြစ်မှာ ရေချိုးလို့ရတဲ့အထိ မြစ်ရေကိုသန့်စင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ရေဆိုး ၄၆,၀၀၀ ကုဗမီတာအထိ သိုလှောင်ထားနိုင်တဲ့ ရေလှောင်ကန်ကြီးဟာ ဆိန်းမြစ်ရေ ညစ်ညမ်းမှုကို သိသိသာသာ လျှော့ချပေးသွားမယ်လို့ ဆိုပါတယ်။ အခုနှစ်ကုန်မှာ စတင်လည်ပတ်မယ့် ဒီကန်ကြီးကို မြို့တော်ဝန် အန်းဟီလ်ဒါဂိုက ဖွင့်လှစ်ပေးခဲ့ပါတယ်။
မိုးရေတွေကို စုပြီးတာနဲ့ မီးရထားဘူတာရုံအောက်က ဥမင်ကနေ ရေဆိုးသန့်စင်တဲ့ စက်ရုံကို ပို့လွှတ်မှာဖြစ်ပြီး ကျန်းမာရေးစံချိန်စံညွှန်းနဲ့ ညီတဲ့အခါမှာ မြစ်ထဲကို သွန်ချမှာဖြစ်ပါတယ်။
မနှစ်က ရှားရှားပါးပါး မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ရေဆိုးပြဿနာကြောင့် ပြီးခဲ့တဲ့နွေရာသီက မြစ်ထဲမှာလုပ်မယ့် ပွဲတချို့ကို ပယ်ဖျက်ခဲ့ရပါတယ်။
ဒီကန်ကြီး စသုံးရင်တော့ မနှစ်ကလိုပြဿနာ မကြုံတော့ဖို့ မျှော်လင့်ထားကြပါတယ်။ တချိန်က ပြင်သစ်မြို့တော်ဝန်နဲ့ နောင်မှာ သမ္မတဖြစ်လာသူ ဂျက်ရှီးရက်က ဆိန်းမြစ်မှာ ရေကူးလို့ရစေရမယ်လို့ ကြွေးကြော်ခဲ့ဖူးပါတယ်။
Source/Photo-Reuters