ဂါဇာကို လူသားချင်းစာနာမှု အကူအညီတွေ ပေးမဝင်မချင်း အစ္စရေးနဲ့ သွင်းကုန်၊ ပို့ကုန် အားလုံးကို ရပ်ဆိုင်းထားမယ်လို့ တူရကီ ကုန်သွယ်ရေးဝန်ကြီးဌာနက မေ ၂ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။
အစ္စရေးနဲ့ဆက်စပ်တဲ့ ထုတ်ကုန်အားလုံး တင်သွင်းတာ၊ တင်ပို့တာ အားလုံး ရပ်ဆိုင်းလိုက်ပါတယ်။
အစ္စရေးအစိုးရက ဂါဇာကို လူသားချင်းစာနာမှုအကူအညီတွေ အနှောင့်အယှက်မရှိ၊ လုံလုံလောက်လောက် စီးဝင်မှု ခွင့်ပြုမပေးမချင်း အခုအစီအမံကို တင်းတင်းကျပ်ကျပ် ကျင့်သုံးမှာဖြစ်တယ်လို့ ကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှုဟာ ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံအထိ ရှိခဲ့ပါတယ်။
ဂါဇာအတွက် လေကြောင်းကနေ အကူအညီတွေ ချပေးတဲ့အစီစဉ်မှာ တူရကီကို ပါဝင်ခွင့်မပေးကတည်းက အစ္စရေးအပေါ် တူရကီက ကုန်သွယ်ရေးကန့်သတ်ချက်တွေ ချမှတ်ခဲ့တာပါ။
တူရကီသမ္မတ တာယစ် အာဒိုဝန်က ကုန်သွယ်ရေးသဘောတူညီချက်တွေကို ချိုးဖောက်ပြီးတော့ ထင်ရာလုပ်တာဟာ အာဏာရှင်ဆန်တာဖြစ်တယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အစ္စရေး ကတ်ဇ်က ဝေဖန်ပါတယ်။
တူရကီပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကျိုးကို မကြည့်ဘဲ လုပ်ဆောင်ခဲ့တာလို့လည်း အစ္စရေးဘက်က အပြစ်တင်လိုက်ပါတယ်။
တူရကီအစား တခြားနည်း ကုန်သွယ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ ညွှန်ကြားထားတယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
Source/Photo-Reuters