ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား လက်နက်နဲ့ သန့်စင်ပြီးရေနံ လွှဲပြောင်းမှုအပေါ် အမေရိကန်ပြည်ထောင်စုက ညှိနှိုင်းပြီး ဒဏ်ခတ်အရေးယူဖို့ ပြင်ဆင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမစ်လာက မေ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဗြိတိန်နိုင်ငံတို့နဲ့အတူ ညှိနှိုင်းထားတဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေကို ထုတ်ပြန်ကြေညာဖို့ လုပ်ဆောင်နေကြောင်း မစ်လာက ဆိုပါတယ်။
“ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား လက်နက်နဲ့ သန့်စင်ပြီးရေနံ လွှဲပြောင်းမှုတွေကို လွယ်ကူချောမွေ့အောင် လုပ်ဆောင်နေတဲ့သူတွေကို အမေရိကန်က ဒဏ်ခတ်အရေးယူမှုတွေ ဆက်လက်ချမှတ်သွားမှာဖြစ်ပြီး ညှိနှိုင်းထားတဲ့ ဒဏ်ခတ်အရေးယူမှု ပုံစံသစ်တွေကိုလည်း အခုလမှာ ကြေညာသွားမှာဖြစ်တယ်” လို့ မစ်လာက ပြောသွားတာပါ။
ရုရှားကတော့ သူ့နိုင်ငံဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတယ် ဆိုပြီး အနောက်နိုင်ငံတွေရဲ့ ပြောဆိုချက်တွေဟာ မမှန်ကန်ကြောင်း ကြာသပတေးနေ့မှာ ပြောကြားပြီး ပြုံယမ်းနဲ့ သူ့ရဲ့ဆက်ဆံရေးဟာ တတိယနိုင်ငံတွေကို ဦးတည်နေတာ မဟုတ်သလို ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေတာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။
အိမ်ဖြူတော်ကတော့ ရုရှားဟာ သန့်စင်ပြီးရေနံကို မြောက်ကိုရီးယားဆီ တိတ်တဆိတ် တင်ပို့နေတာဖြစ်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ အစီအစဉ် ပက်ကေ့ချ်ကို ချိုးဖောက်နေပုံရတဲ့အဆင့်မှာ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူးကလီးယားလက်နက်နဲ့ ဒုံးကျည်အစီအစဉ်တွေအတွက် နှစ်ရှည်လများ ပိတ်ဆို့အရေးယူမှုတွေကို စောင့်ကြည့်နေတဲ့ ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်များအဖွဲ့ကို ရုရှားက ဗီတိုအာဏာနဲ့ ဖျက်သိမ်းလိုက်ပြီးတဲ့ နောက်နေ့မှာပဲ ခုလို ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။
Source/Photo-Reuters