Home
မြန်မာသတင်း
မိုးမောက်မြို့က စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
DVB
·
May 3, 2024
Moe 352024

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ကနေ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် မြို့ကနေစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေပါတယ်။

မိုးမောက်မြို့က ပြည်သူအများစုဟာ တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် ဗန်းမော်မြို့နဲ့ မိုးမောက်မြို့ အထက်ပိုင်းက လုံခြုံတယ်လို့ ယူဆတဲ့ ကျေးရွာတွေနဲ့ တောတောင်တွေမှာ တိမ်းရှောင်နေကြပြီး လက်ရှိအချိန် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားသောက်ကုန်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မိုးမောက်အထက်ပိုင်းနဲ့ အနီးအနားက ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်သူတွေနဲ့ ဗန်းမော်မြို့ကို တိမ်းရှောင်တဲ့သူတွေကော ရှိနေပြီးတော့ မိုးမောက်မြို့ အထက်ပိုင်းကို တိမ်းရှောင်နေတဲ့ ပြည်သူတွေကို မြို့ထဲမှာရှိနေတဲ့ စကစ စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်တာတွေရှိတာကြောင့် နေရပ်ပြန်လို့မရဘဲ အစားအသောက်နဲ့ ဆန်အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ တိမ်းရှောင်နေတဲ့ ပြည်သူတဦးက ပြောပါတယ်။

“အခု ကျမတို့က အစားအသောက်တွေ ခက်လာနေပြီ။ တိမ်းရှောင်တာလည်း သုံးလေးပတ် ရှိလာပြီဆိုတော့ ယူလာတဲ့ဆန်တွေ၊ အစားအသောက်တွေ ကုန်ပြီ။ ဆိုင်ကယ်နဲ့ပဲ သယ်လာရတာဆိုတော့ အိမ်လည်း ပြန်ယူလို့မရ၊ အရင်ကတော့ အိမ်ခဏပြန်ပြီး ရှိထားတဲ့ ဆန်တွေ ပြန်ယူလို့ရသေးတယ်။ စစ်တပ်(စကစ)က စျေးအထက်ပိုင်းမှာ နေထားကတည်းက ပြန်လို့မရတော့ဘူး။ တချို့ မြို့ထဲပြန်ပြီး မွေးထားတဲ့ နွားတွေ၊ ဝက်တွေ အစာကျွေးရင်း စားစရာတွေသွားယူတော့ စစ်တပ်(စကစ)က သေနတ်နဲ့ ပြန်ပစ်တော့ သွားလို့မရတော့ဘူး။ အဲလိုဆိုတော့ အစားအသောက်တွေလည်း ခက်လာပြီ။ တချို့ဆိုရင် တောတောင်တွေ တောင်ယာတွေမှာ တိမ်းရှောင်တဲ့သူတွေဆိုရင်လည်း မိုးကာတွေလိုတယ်။”

မိုးမောက်မြို့က ပြည်သူတချို့ဟာ မိုးမောက်မြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကြောင့် လွန်ခဲ့တဲ့ တလဝန်းကျင်ကတည်းက တိမ်းရှောင်နေကြပြီး အများစုကတော့ စစ်ကောင်စီတပ်သားတွေ မိုးမောက်မြို့အလယ်မှာ တပ်လာစွဲတဲ့ ဧပြီ ၂၃ ရက်က စတင်ပြီး မြို့ကနေ တိမ်းရှောင် ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

မြို့ထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက စျေးပတ်ဝန်းကျင်က နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေကြတယ်လို့ မိုးမောက်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတဦးက ပြောပါတယ်။

“သူတို့(စကစ) စရောက်တဲ့နေ့ကစပြီး အိိမ်တွေ အကုန်ဖောက်သွားတယ်။ အဲ့ စျေးပိုင်း ပတ်ဝန်းကျင်က ပိုများတယ်။ စျေးနားက တရုတ်ဘုံကျောင်းခန်းမမှာ ထားထားတဲ့ ကားတွေဆိုလည်း အကုန်ယူသွားပြီ။ သူတို့(စကစ)ရှိတဲ့ ပတ်ဝန်းကျင်က အိမ်ထဲက ပစ္စည်းတွေဆို အကုန်ခိုးသွားကြပြီ။ အဲစစ်သားတွေပဲ အိမ်တွေကနေ ကချင်ရိုးရာ ငွေဓားတွေ ခိုးယူလွယ်ပြီး လျှောက်သွားနေကြတယ်။”

မိုးမောက်မြို့ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ နှစ်ဖက် နီးကပ်စွာရှိနေကြပြီး ကချင်လွတ်မြောက်ရေးတပ်မတော်က သွားရောက်တိုက်ခိုက်တာမျိုး မပြုလုပ်သေးဘဲ စစ်ကောင်စီဘက်ကသာ ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်သားတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သူတို့(စကစ) ဘက်ကပဲ နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ တခါတလေ လေယာဉ်နဲ့လာပြီး ဗုံးကြဲသွားတာတွေရှိတယ်။ နှစ်ဖက်ထိတွေ့တာကလည်း ကျနော်တို့ သွားပစ်တာ မဟုတ်ဘူး။ သူတို့ သွားလာရင်းနဲ့ မထင်ရင် မထင်သလို ပစ်တယ်၊ အခုအထိတော့ အဲလောက်ပဲ။”

မိုးမောက်မြို့နယ်ထဲက စစ်ကောင်စီ အထိုင်တပ်ရင်းတွေနဲ့ တပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော်က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး ကျန်ရှိနေတဲ့ မိုးမောက်မြို့နားက ခလရ ၄၃၇ တိုက်ခိုက်ခံရမှာကို ဟန့်တားဖို့အတွက် မိုးမောက်မြို့ထဲ လာရောက်တပ်စွဲတာ ဖြစ်နိုင်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော်က တပ်သားတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဗန်းမော်ခရိုင်၊ မံစီမြို့က ပြည်သူတွေလည်း မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကြောင့် လွန်ခဲ့တဲ့ ဧပြီ ၂၈ ရက်က စတင်ပြီး ပြည်သူတွေ နီးစပ်ရာ မြို့ပေါ်နဲ့ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013